ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
တရုတ်အစိုးရ၏ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ်တိန့်ရှီကျန်သည် မြန်မာပြည် တွင်း ငြိမ်းချမ်းရေးကိစ္စ အပါအဝင် နယ်စပ်ဒေသအရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ အတွက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (EROs)အချို့နှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံက သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံမြောက်ပိုင်း EROs အဖွဲ့များဖြစ်ကြသည့် “ဝ” ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့၏ ဌာနချုပ်များရှိရာသို့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျန်ကိုယ်တိုင် လာရောက်၍ သက်ဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ကျွန်တော်တို့ မိတ်ဆွေဟောင်းတွေဖြစ်လို့ လာပြီးတော့မှ တွေ့ဆုံတာ ပေါ့။ ဒါတစ်ချက်ပါ။ ဒုတိယအချက်ကတော့ ကိုဗစ်ရောဂါနဲ့ ပတ်သတ်တာတွေပေါ့။ ကျွန်တော်တို့ နယ်စပ်ဒေသမှာ ကိုဗစ်ရောဂါတွေက အခုဘယ်လိုအခြေအနေ ရှိသလဲပေါ့နော်။ အဲဒါတွေ မေးမြန်းကြတာရှိတယ်။ တတိယအချက်ကတော့ နယ်စပ်ဒေသ ပြည်သူလူထုရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ရောဂါတွေဘာတွေ မရှိလို့ရှိရင်တော့ ဂိတ်ပေါက်ဝတွေ ပြန်ဖွင့်နိုင်မလား ဆိုတဲ့ဟာတွေပေါ့။ နောက်တစ်ခုရှိတာကတော့ စစ်ကြောင့် ပြည်သူလူထုရဲ့ အခြေအနေတွေပေါ့နော်။ အဲဒါတွေ လာကြည့်သွားတယ်။ အဲလောက်ပဲ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “တွေ့ကြတာ မှန်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တိုက်တွန်း ဆွေးနွေးခဲ့ကြတယ်လို့ပဲ သိရပါတယ်” ဟု ဧရာဝတီတိုင်းမ်သို့ ပြောသည်။
တရုတ်အစိုးရ၏ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ်တိန့်ရှီကျန်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတာကတော့ သူတို့အမြဲတမ်း ပြောနေတဲ့စကား ဖြစ်ပါတယ်။ ဒါကတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါဆိုတဲ့ ဟာကတော့ ပြောပါတယ်။ တွေ့တာကတော့ ဒီလ ၁၈ ရက်နေ့မှာ တွေ့တာပါ” ဟု ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ထိုသို့ နှစ်ဖက်တွေ့ဆုံမှုတွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြိုတော်၌ ဖွင့်လှစ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရုံးကိစ္စ ဆွေးနွေးခဲ့ပြီး ယင်းကိစ္စအပေါ် တရုတ်ဘက်က သိပ်မကြိုက်ကြောင်း ပြောဆို ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဗိုလ်မှူးကြီး နော်ဘူက “အဲဒါကတော့ ကျွန်တော်မကြားမိဘူး။ လူကြီးတွေနဲ့ အဓိကတွေ့တာပါ။ ကျွန်တော်ကတော့ မတွေ့ဘူးဗျ။ ကြားလည်းမကြားမိဘူး” ဟု ဧရာဝတီတိုင်းမ်သို့ ပြောသည်။
#မြန်မာ့ငြိမ်းချမ်းရေး #တရုတ်အထူးကိုယ်စားလှယ် #တိန့်ရှီကျန် #EROs #မြောက်ပိုင်းအဖွဲ့ #Ayeyarwaddy_Times