ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီတပ်သားတွေက ငရုတ်ကောင်း ငွေဆောင် သွားတဲ့ လမ်းလေးခွဆုံမှာ လက်နက်အပြည့်အစုံနဲ့ ဆိုင်ကယ်တွေကို တားဆီးပြီး ငွေတောင်းတာတွေ ပြုလုပ် နေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ဆိုင်ကယ်ဦးထုပ်နဲ့ လိုင်စင်အပြည့်အစုံပါရင်လည်း အရက်သေစာသောက်စားထားတဲ့ စစ်ကောင်စီ ရေတပ် ယူနီဖောင်းဝတ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင် ၅ ဦးလောက်က ဖမ်းချင်လို့ ဖမ်းတာလို့ ပြောဆိုကာ ငွေ ၅၀၀၀၀ ထိ တောင်းယူတာတွေပြုလုပ်နေတာလို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
“ အားလုံးဆို ၅ ယောက်၊ အကုန်လုံးကတော့ ရေတပ်ယူနီဖောင်းတွေနဲ့ပါ၊ အရက်နံတွေကတော့ အဝေးကနေ တောင်မခံနိုင်ဘူး၊ လိုအပ်တာတွေ အကုန်ပြည့်စုံရင်တောင် ဖမ်းချင်လို့ ဖမ်းတာ၊ ၅ သောင်းပေးဆိုပြီး တောင်းတာ”လို့ ခရီးသွားပြည်သူ အမျိုးသမီး ၁ ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သား ၅ ဦးလောက်ဟာ အရက်သေစာသောက်စားပြီး မူးရူးပြီး ငွေတောင်းချင်သလို တောင်းသလို အမျိုးသမီးငယ်တွေဆိုင်ကယ်မောင်းလာရင်လည်း တားဆီးပြီး နှုတ်နဲ့ စော်ကားပြောဆိုတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပုံမှန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် ဖမ်းတာမျိုးဆိုရင် ယာဉ်ထိန်းရဲ၊ မီးသတ်နဲ့ အခြားဝန်ထမ်းတွေ ပါဝင်ပေမယ့် ခုလိုမျိုး ဆိုင်ကယ်တွေကို တားပြီး လက်နက်ပြ ဓါးပြတိုက်သလိုဖမ်းတာမျိုးတော့ မကြုံဘူးသလို ဒါဟာ လက်နက်နဲ့အနိုင်ကျင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
#ငရုတ်ကောင်း #လမ်းခွဲ #စစ်ကောင်စီ #ဆိုင်ကယ် #ငွေ၅၀၀၀၀ #ဓားပြတိုက်
#Ayeyarwaddy_Times