ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၌ ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညပိုင်းက ၃ နှစ်အရွယ်ကလေးငယ် အပါအ၀င် မိသားစု၀င် ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့ ည ၈ နာရီခန့်က လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ၁/န မေဃ၀တီ (၄)လမ်း၊ မြို့ကြီးကုန်းဘက် ကွက်သစ်ရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်လူတစ်စုမှ လာရောက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“အသတ်ခံရတဲ့မိသားစုက ဆန္ဒပြပွဲတွေမှာလည်း တက် တက်ကြွကြွပါခဲ့ကြတဲ့ မိသားစုပါ။ ငါးခြောက်၊ ပုဇွန်ခြောက်၊ ၀က်အူချောင်းတွေကို အွန်းလိုင်းကနေ ရောင်းချပြီး အေးအေး ဆေးဆေးနေကြတာ။ ခုက ကလေးကအစသတ်သွားတာ။ အသတ်ခံရတာ အသက် (၈၀) ကျော် အဘိုး တစ်ယောက်ပါ ပါတယ်။ ကြောက်စရာကောင်းတယ်။ လူတကာဆီမှာ သေနတ်ရှိနေတာ။ ဘာထိန်းချုပ်မှုမှလည်းမရှိဘူး။ ထိန်းချုပ်ပေးမယ့်သူလည်းမရှိဘူး။ ကိုယ့်အသက်ကိုယ်ရှာကြံမွေးနေကြရတာ” ဟု ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အသတ်ခံရသူများထဲတွင် အသက် (၃) နှစ်အရွယ်ကလေး ငယ်နှင့် အသက် (၈၅) နှစ်အရွယ် အဘိုးအိုတို့ ပါဝင်နေပြီး စုစုပေါင်းမိသားစု၀င် ၅ ဦးစလုံး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ မိသားစုသေဆုံးမှု ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် စစ်တပ်ထောက်ခံမီဒီယာများမှ အကြမ်းဖက် PDF များမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးနေသည့် ပုံများနှင့်အတူ ဆိုရှယ်မီဒီယာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကြသည်။
ယခုကဲ့သို့ဖြစ်စဉ်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့တစ်ခုအား ရာ၀တီတိုင်းမ်က ဆက်သွယ် မေးမြန်းခဲ့ရာ “အခု လုပ်ရပ်ဟာ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒီလို လုပ်ရပ်ကို လူမဟုတ်တဲ့ သူတွေကပဲ လုပ်တာပါ။ ခုလိုအစုလိုက်သတ်ဖြတ်တာမျိုး ၊ ရှင်းလင်းတာမျိုး UG တွေအနေနဲ့ ဘယ်တော့မှ မလုပ်ပါဘူး။ ကလေးငယ်တွေ အပေါ်ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမရှိပါဘူး” ဟု Yangon UG Association ပြန်ကြာရေးတာ၀န်ခံက ဖြေကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံ လှည်းကူးမြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
အသက် ၃ နှစ် အရွယ် ကလေးငယ် အပါအဝင် ပစ်သတ်ခံရသူ ၅ ဦးသည် CDM ကျောင်းဆရာ PDF တစ်ဦး၏ မိသားစုဝင်များဖြစ်ပြီး PDF ထောက်/ပို့လုပ်သည် ဟုဆိုကာ စစ်မှုထမ်း ဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
#ရန်ကုန်တိုင်း #လှည်းကူးမြို့နယ် #၃နှစ်သားကလေးငယ် #မိသားစုဝင်များ #သတ်ဖြတ်ခံရ #စစ်ကောင်စီ #PDF #စစ်မှုထမ်းဟောင်း #ပျူစောထီး #Ayeyarwaddy_Times