ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ရက်နေ့)၊ ညနေပိုင်းက သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေကြစဉ် လုယက်မှုဖြစ်ပွားခဲ့ပြီး လူငယ်အမျိုးသားမှာလည်း ဓားထိုးခံလိုက်ရကြောင်း သိရသည်။

ည ၈နာရီအချိန်ခန့်တွင် အသက် ၂၀ အရွယ်လူငယ်တစ်ဦးနှင့် အသက်၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ကန်တော်ကြီး ရပ်ကွက်ရှိ ငစရိုင်းချောင်းဘုန်းကြီးကျောင်းအနီး ချိန်းတွေ့နေစဉ် အမည်မသိ လူ ၃ ဦးကလာရောက်ကာ လုယက်ထိုးသတ်သွားခြင်းဖြစ်သည် ဒေသခံများထံမှ သိရသည်။

” အဲ့ဒီလူငယ်အတွဲက ချိန်းတွေ့နေကြတုန်းမှာ လူ ၃ ယောက်ကလာပြီး ဖုန်းကိုလူတယ်လို့ပြောတယ်။လုတဲ့အချိန်မှာရုန်းရင်းဆန်ခတ်ဖြစ်ရင်း ကောင်လေးကိုဓားနဲ့ထိုးသွားတာ။ ဖုန်းတွေကိုလည်း ယူပြီး ကောင်မလေးကိုလည်း ဆွဲခေါ်သွားတယ်တဲ့။ခဏကြာမှပဲ ကောင်မလေးက ဘေးကင်းကင်းနဲ့ပြန်လွတ်လာတာပါ” ဟု စစ်တွေမြို့ ၊ရွှေရောင်မေတ္တာဖောင်ဒေးရှင်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါလူငယ်မှာ နောက်ကျောကို ဓားနဲ့ ၂ ချက်ထိုးခံလိုက်ရပြီး အော်ဟစ်၍အကူညီတောင်းသောကြောင့် အနီးအနားပတ်ဝန်းကျင်ကလူများလာရောက်ပြီးနောက် ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

” အနီးနားကလူတွေဖုန်းဆက်အကူညီတောင်းလာတာက အခင်းဖြစ်ပြီးလို့ နာရီဝက်အကြာလောက်မှာဆက်လာတာပါ။ ကျွန်တော်တို့ကားနဲ့သွားယူပြီးဆေးရုံကိုရောက်တော့ ချက်ချင်းအရေးပေါ်ခန်းသွင်းလိုက်ရတယ်။လူနာအခြေနေကတော့ စိုးရိမ်ရတယ်လို့ ဆရာဝန်ကပြောပါတယ်” ဟု ကိုသာဂီဖြိုးက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်ကလည်း ယခုအခင်းဖြစ်ပွားရာအနီး ကန်တော်ကြီး/ကန်ဘောင်ပေါ်တွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး၏အလောင်းကိုတွေ့ရှိ၍ ရင်ခွဲရုံသို့ပို့ဆောင်လိုက်ရသည်ဟုလည်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့ထံမှသိရသည်။

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ဒုစရိုက်မှုများ ပိုဆိုးလာနေပြီး သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ဒေသခံများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်သင့်ကြောင်းနှင့် ကိုယ့်အသိစိတ်ဖြင့်ကိုယ် သတိထားဆင်ခြင်နေထိုင်သင့်ကြောင်း မြို့ခံများကထောက်ပြပြောဆိုမှုများလည်းရှိနေသည်။

#စစ်တွေ #သမီးရည်းစား #ချိန်းတွေ့ #လုယက်ခံရ #ဓားထိုးခံရ
#Ayeyarwaddy_Times