ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီလ ၂၃ ရက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်ရဲ့ တပည့်ပျူစောထီးအဖွဲ့ဝင် များကို ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၆နာရီခွဲခန့်အချိန်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(LLPDF) တပ်ဖွဲ့ထံက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ပျုစောထီးအဖွဲ့ဝင်တွေဟာဝင်းထွန်း(ခ) ဝင်းသိန်းပုနဲ့ အောင်မိုးနဲ့ မိန်းမဖြစ်သူယဉ်ယဉ်သန်းတို့ဖြစ်တယ်လို့ (LLPDF)မှ တာဝန်ရှိ သူကပြောပါတယ်။

” ကျွန်တော်တို့အဖွဲ့တွေ ပစ်ခတ်ရှင်းလင်းဖို့သွားတာအောင်မိုးနဲ့ ယဉ်ယဉ်သန်းတို့က ထွက်ပြေးလွတ်မြောက်သွားတယ်။ ပျူ စောထီး ဦးဝင်းသိန်းပုအား ရှင်းလင်းနိုင်ခဲ့တယ်လို့” (LLPDF)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ပျူစောထီးစည်းရုံးရေး ဦးအောင်မိုးနဲ့ ဒေါ်ယဥ်ယဥ်သားတို့ရဲ့ နေအိမ် အတွင်းကို ဝင်ရောက်ရှာဖွေရာ ရွှေလက်စွပ် (၈) ကွင်း၊ နားကပ်(၁ဝ) ရံ၊ လက်ကောက် (၂) ကွင်း ၊ ရွှေဆွဲကြိုး(၃)ကုံး ၊ လက်ကိုင်ဖုန်း (၃)လုံး၊ Tablet (၁)လုံး၊ ကျပ်ငွေ သုံးဆယ်လေးသိန်းနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အမြဲစီးနင်းသွားလာနေတဲ့ ကား(၁)စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

” ပျူစောထီးအဖွဲ့ဝင် ဝင်းသိန်းပုက ကျွန်တော်တို့ အဖွဲ့တွေကိုမြင်တာနဲ့ သူ့နေအိမ်က ကားနဲ့ ထွက်ပြေးသွားတယ်။ လိုက်ဖမ်းတော့ ဇလွတ်ကျေးရွာ ဘုန်းကြီးကျောင်းနားမှာမိတယ်။ အဲမှာပဲ တစ်ခါတည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်။သူ့ဆီက

ကျပ်ငွေ(၁၁) သိန်း၊ ထိုင်းငွေ(၁၄၀)ဘတ်၊ မလေးငွေ (၁၁)ရင်းဂစ် နှင့် လက်ကိုင်ဖုန်း (၁)လုံးကို သိမ်းဆည်းရမိခဲ့တယ်”လို့ (LLPDF)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ပျူစောထီးအဖွဲ့ဝင် ဝင်းသိန်းပုက ထွက်ပြေးချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဖုန်းဆက်စစ်ကူခေါ်ခဲ့တာကို PDF တွေ သိမ်းဆည်းခဲ့တဲ့ လက်ကိုင်ဖုန်းမှတဆင့် သိရတယ်လို့ ဆိုပါတယ်။

ပစ်ခတ် ရှင်းလင်းမှုအပြီးမှာ ကျောက်နီမော် ပျူစောထီးစခန်းက ကား (၂) စီးရောက်လာပြီးလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် မိနစ်၂၀ ခန့်ကြာအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(LLPDF)ရဲဘော်တွေဘက်ကအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်က ထိခိုက်မှုများရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ၊လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ သိမ်းဆည်းရမိသော ပစ္စည်းတစ်ချို့
#Ayeyarwaddy_Times