ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
ဧရာ၀တီတိုင်းတွင်းက တောဆင်ရိုင်းများ ကျက်စားရာနယ်မြေများဖြစ်တဲ့ ပုသိမ်၊ ငပုတောနဲ့ သာပေါင်းမြို့နယ်တွေမှာ ဆင်သတ်မုဆိုးများ အဖွဲ့ခွဲပြီးရောက်ရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ချောင်းသာဒေသ၊ ကန်ကြီးကျေးရွာအုပ်စု၊ ငပိန်ဒလယ်ရွာအရှေ့တောင်ဘက်မှာအမြင့် ၈ ပေခွဲရှိ ဟိုင်းဆင်အမျိုးအစား တောဆင်ရိုင်းတစ်ကောင် ဆင်သတ်မုဆိုးများလက်ချက်နဲ့ သေဆုံးနေသည်ကို သစ်တောဌာနတာဝန်ရှိသူများက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“အခုက မော်တင်ဘုရားပွဲရာသီ စပြီဆိုတော့ ဆင်သတ်မုဆိုးတွေက တောထဲရောက်နေပြီး လှုပ်ရှားနေကြတယ်။ အခုရောက်နေတာကြားရသလောက် ဆင်သတ်မုဆိုးက ၆ ဖွဲ့လောက် ရှိတယ်။ ပုသိမ်၊ သာပေါင်းနဲ့ ငပုတောပေါ့၊ ဒီမြို့နယ် ၃ ခုမှာ ရောက်နေတာ။ တမြို့နယ်ကို ၂ ယောက်၊ ၃ ယောက် အဲ့လိုအဖွဲ့အသေးတွေနဲ့ လှုပ်ရှားနေတာ”ဟု ငပုတောမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်၊ ငပုတော၊ သာပေါင်းနှင့် ရေကြည်မြို့နယ်တို့ရှိ တောတောင်များအတွင်းမှာတောဆင်ရိုင်းများ ကျင်လည်ကျက်စားလေ့ရှိပြီး အဆိုပါတောဆင်ရိုင်းများကို မကွေးတိုင်းမှ ဆင်သတ် မုဆိုးများကဒေသခံတစ်ချို့နဲ့ပူးပေါင်းကာတူးမီးသေနတ်များ၊ အဆိပ်လူးမြှားဖြင့် ပစ်ခတ်အမဲလိုက်သတ်ဖြတ်ကာ ဆင်အရေပြား၊ နှာမောင်း၊ အစွယ်၊ အမြှီးစသည်တို့ကို လှီးဖြတ်ယူဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
“ဆင်သတ်မုဆိုးတွေ အဓိကလှုပ်ရှားတဲ့ရာသီက လူအသွားအလာများတဲ့ မော်တင်ဘုရားပွဲရာသီနဲ့ သင်္ကြန်ကာလကို အဓိကလှုပ်ရှားတာ။ လူများတုန်း ဆင်သတ်၊ ပစ္စည်းယူပြီး လူများတဲ့ကာလမှာ ရောချပြီး ပစ္စည်းတွေ ဆွဲထုတ်သွားတာမျိုးတွေ လုပ်ကြတာ။ ဒီလထဲတွေ့တဲ့ ချောင်းသာက ဆင်သေကလည်း အဲ့ဆင်မုဆိုးတွေ လက်ချက်ပဲ။ ရွာနားနီးလို့ လှုပ်ရှားလို့မရလို့သာ ဆင်အရေခွံနွှာတာတွေ မလုပ်နိုင်တာ”လို့ သစ်တောဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အရင်က ဧရာ၀တီတိုင်းမှာ ဆင်သတ်မုဆိုးများကိုမကြာခဏ ဖမ်းဆီးရမိမှုများရှိပေမယ့် စစ်တပ်အာဏာသိမ်းပြိီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ဖို့အတွက် တောထဲကို သစ်တောရဲတွေနဲ့ ကင်းလှည့်တာတွေယခင်လိုသိမလုပ်နိုင်တော့တာကြောင့်၂၀၂၂ ခုနှစ်အတွင်း တောဆင်ရိုင်း ၄ ကောင်နဲ့ ၂၀၂၃ နှစ်အစမှာပင် တောဆင်ရိုင်း တစ်ကောင် အသတ်ခံခဲ့ရပြီး တရားခံတွေကိုဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဆင်သတ်မုဆိုးများမှာ တောဆင်ရိုင်းများကို သတ်ဖြတ်ပြီးနောက် ရရှိလာသည့် အရေပြား၊ အစွယ်၊ နှာမောင်းနှင့် အမြှီးများကို တောရိုင်းတိရိစ္ဆာန် ကုန်ကူးသူများထံ ရောင်းချကြပြီး အဆိုပါ ကုန်ကူးသူများက မန္တလေး – မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချကာ ဆင်မှရရှိသည့်ပစ္စည်းများကို တရုတ်ပြည်မှာတိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံကနေ သိရပါတယ်။
#ဧရာဝတီ #ဆင်သတ်မုဆိုး #တောဆင်ရိုင်း #သတ်ဖြတ် #ကြိုးပမ်း
#Ayeyarwaddy_Times