ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့ တော်အိမ်ရာတွင် ဖြစ်ပွားခဲ့သည့် ရပ်ကွက်ရုံးပစ်ခတ်ခံရမှုတွင်လွတ်မြောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးမှ လူမိုက်များကို ဦးဆောင်ပြီး ရပ်ကွက်ဈေးကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နံနက် ၁၁ နာရီ၀န်းကျင်တွင် ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်သည် စစ်ကောင်စီတပ်အပါအ၀င် လူမိုက်များကိုဦးဆောင်၍ ရပ်ကွက်ရုံးရှေ့ ကံ့ကော်လမ်းမပေါ်ရှိ ဈေးတန်းကို အင်အားအပြည့်ဖြင့် တုတ်ဓားများကိုင်ဆောင်ပြီး ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။
“ပစ္စည်းတွေတောင်ယူချိန်မရဘူး။ တကယ်သတ်မလိုဖြတ်မလိုရောက်လာကြပြီးတော့ အကုန်ဖျက်ဆီးကြတာ။ ဈေးသည်တွေလည်း ထွက်ပြေးတာအကုန်မှောက်။ လူမိုက်တွေကလည်း ဓားတွေနဲ့ ဗန်းတွေအကုန်ဆွဲမှောက် ပြန်ဆွဲထားတဲ့လူတွေကိုလည်း ရိုက်နှက်သွားကြတယ်။ ဘူဒိုဇာနဲ့ပါ ထိုးကော်ပြီးဖျက်တာ။ ကိုယ့်မှာဘယ်သူ့တိုင်လို့ ဘာပြောရမယ်မသိဘူး။ သူတို့လုပ်ချင်တိုင်းလုပ်တာကို ခံရတာပါ”ဟု ဖျက်ဆီးခံခဲ့ရသည့် ဈေးသည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြော သည်။
စျေးကို၀င်ရောက်ဖျက်ဆီးချိန်တွင် အုပ်ချုပ်ရေးမှူးခင်မောင်ဇင်နှင့်အတူ ရပ်ကွက်ထွေအုပ်များပါ ပါ၀င်ပြီး ဈေးသည် ၂ ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားကြောင်းနှင့် ဈေးဆိုင်အနီးရပ်နေသည့် ဈေးသည်များကိုလည်း လူမိုက်များမှ လေးဂွဖြင့်ပစ်ခတ်ခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ထိုသို့နံနက်ပိုင်းအချိန်က ၀င်ရောက်ဖျက်ဆီးခဲ့ပြီးနောက် ညပိုင်းအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်ဆိုသူ ဓားဖြင့်ထိုးခံရကြောင်း သိရှိရပြီး သေဆုံးခြင်းရှိမရှိကိုမူ သီးခြားအတည်ပြု၍မရသေးပေ။
ယနေ့ ဖေဖော်ဝါ ရီ ၂၃ ရက် နံနက်ပိုင်းတွင်လည်းအဆိုပါ ဈေးရှိ ဈေးဆိုင်ခန်းနှင့်တွဲလျက် အိမ်များကိုပါ ဘူဒိုဇာဖြင့် ၀င်ရောက်ဖျက်ဆီးနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ယင်း ၉၄ ရပ်ကွက်ရုံးပစ်ခတ်ခံရမှုတွင် ရာအိမ်မှူး ၀င်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်း၀င်းတို့ ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသမီးရာအိမ်မှူးအပါအ၀င် ၄ ဦးတို့ သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်ဆိုသူမှာ ပစ်ခတ်ခံရချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ပစ်ခတ်မှု #လွတ်မြောက် #ဒဂုံဆိပ်ကမ်း #အုပ်ချုပ်ရေးမှူး #ရပ်ကွက်စျေး #ဖျက်ဆီး #ဓားနဲ့ထိုးခံရ