ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ် မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ည၉ နာရီက စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ ၀င်တွေ ဆိုင်ကယ်နဲ့ ကင်းလှည့်နေစဥ်မှာ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ဟင်္သာတမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်။
“ရဲ ၅ ဦးဆိုင်ကယ် ၃ စီးနဲ့ကင်းလှည့်နေတုန်း နိဗ္ဗာန်စခန်းအကျော်အလယ်စုနားကသတ်မှတ်ထားတဲ့နေရာအရောက်မှာအဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာ၊ရဲနှစ်ကောင်ကိုတော့ ညတွင်းချင်း ဆေးရုံကို ခေါ်သွားကြတယ်ကျွန်တော်တို့အားလုံး ဘေးကင်းပါတယ်”လို့ ဟင်္သာတမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်က်ို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီး ဟင်္သတမြို့နယ်နတ်မှော်စစ်တပ်ဂိတ်မှာ လမ်းပိတ်ကာစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့မနက်အထိ မြို့အ၀င်အထွက်ဂိတ်များမှာလုံခြုံရေးများပိုမိုတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းကလည်းဟင်္သတမြို့နယ် ကွင်းကောက်မြို့ တောင်ဘက်ကမ်းအုပ်ချုပ်ရေးမှူးရုံးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စွန်ရဲနီ နွေဦးတော်လှန်ရေးတပ်ဖွဲ့ အောင်ဆန်းတပ်ရင်းကဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။