ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ၈၂ လမ်းနှင့် ၄၄ လမ်း၊ မဟာမုနိဘုရားကြီးအနီးရှိ နေအိမ်တစ်အိမ်မှ ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီမှ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာတွင် သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၆ နာရီ၀န်းကျင်အချိန်က ဓာတ်ပုံဆရာ ကိုအောင်၀င်းထွဋ်(ခ)ကိုအောင်(ဆောင်းနှင်းဖြူ)ကို စစ်ကောင်စီတပ်မှ နေအိမ်သို့ သေနတ်ပစ်ဖောက်၍ ၀င်ရောက်ရိုက်နှက်ဖမ်းဆီးခဲ့ပြီး နောက်နာရီပိုင်းအကြာတွင် အလောင်းလာရောက်ထုတ်ယူခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘာကြောင့်၀င်ဖမ်းတယ်ဆိုတာကို မသိရသေးဘူး ခုချိန်ထိ။ ကိုယ့်လူကတော့ သေသွားပြီ။ စစ်ကားနဲ့ရောက်လာပြီး အိမ်ထဲကိုသေနတ်ပစ်ဖောက်ပြီး ၀င်လာကြတာ။ ၆ နာရီလောက်ကခေါ်သွားပြီး ည‌ ၉ နာရီ ကျော်လောက်ကြတော့ အလောင်းလာထုတ်ဆိုပြီး မိသားစုကို အကြောင်းကြားတယ်။ အလောင်းကို ဆေးရုံမှာ သွားထုတ်ဖို့ပြောတယ်။ သူ့ကို ၂၁ ရက်နေ့က သဂြိုလ်ပြီးပါပြီ”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံဆရာ ကိုအောင်၀င်းထွဋ်ကို စစ်ကောင်စီမှ မည်သည့်အတွက်ကြောင့် ၀င်ရောက်ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ခဲ့သည်ကိုမူ သီးခြားစုံစမ်းအတည်ပြု ၍မရသေးပေ။

၎င်း၏ထွက်ဆိုချက်အရဟုဆိုကာ ယင်းနေ့ ညပိုင်းအချိန်ကပင် ရပ်ကွက်အတွင်းရှိ လူငယ်အချို့ကိုလည်း ၀င်ရောက်ဖမ်းဆီးသွားကြောင်းနှင့် ဖမ်းဆီးခံရ သည့် လူငယ်များနှင့်ပတ်သက်ပြီးလည်း စစ်ကောင်စီ ဘက်မှ တစ်စုံတရာထုတ်ပြန်ခြင်း၊ အသိပေးခြင်းမရှိ သေးကြောင်း မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။