ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ ဖေဖော်ဝါရီလ ၂၃ ရက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ချိန်ကိုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သံဖြူဇရပ်မြို့ပေါ်ရှိ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အုပ်ချုပ်ရေးမှူးရုံးတစ်ခုလုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
” ဒီနေ့မနက်မှာ မြို့ပေါ်ကအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဘယ်အဖွဲ့ကလုပ်ဆောင်သွားလဲဆိုတာတော့ မသိရပါဘူး။” သံဖြူဇရပ်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကပြုလုပ်သည်ကို အတည်ကျမသိရသေးကြောင်း ဆက်လက်ပြောဆိုသည်။
သံဖြူဇရပ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သံဖြူဇရပ်မြို့ (လ.ဝ.က)ရုံးအား သံဖြူဇရပ်မြို့ပြပြောက်ကျားတပ်ဖွဲ့(TGF) မှ အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲခဲ့ရာ ရုံးထိခိုက်ပျက်စီးခဲ့ပြီး ရုံးအစောင့်နှင့်တပ်သားတစ်ချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
#သံဖြူဇရပ် #အုပ်ချုပ်ရေးမှူးရုံ #တိုက်ခိုက်ခံရ
#Ayeyarwaddy_Times