ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီတပ်က ဆန်တင်ပို့မှု ပိတ်ထားတာကြောင့် ဖားကန့်မြို့တွင်းမှာ ဆန်ဈေးမြင့်တက်လာပြီး ဝယ်မရအောင် ပစ္စည်းပြတ်လပ်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ဖားကန့်မြို့နယ်ကို တင်ပို့တဲ့ ဆန်နဲ့တခြားကုန်ပစ္စည်းတင်ပို့တဲ့ကားတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့လောက် ကစတင်ပြီး နန့်ယားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ပိတ်ပင်ခဲ့တာကြောင့် ခုလိုမျိုး ဆန်ဈေးတွေ မြင့်တက်လာပြီး ဝယ်မရဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ခုဆို ဆန်ဈေးက ၁ သိန်းလောက်ထိုးတက်သွားတာ၊ ဒါတောင်ဝယ်ချင်တိုင်း ဝယ်မရတော့ဘူး၊ အရင်က ပေါ်ဆန်း ၁ သိန်းလောက်က ခု ၁ သိန်းခွဲလောက်ဖြစ်သွားပြီ၊ အကုန်အစားစားတက်တာပေါ့၊ လမ်းပိတ် ထားတော့ ဘာမှလုပ်မရတော့ဘူးလို့ ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ဆန်တင်ပို့တာတွေကို လမ်းကနေ ပိတ်ပင်တားမြစ်လိုက်ပြီးနောက်ပိုင်းမှာ ဆန်ဈေး ၁ သိန်းကျော်မြင့်တက်လာသလို အိတ်လိုက်ရောင်းချပေးတာမျိုးမရှိတော့ဘဲ ပြည်ခွဲရောင်းတာတွေ များလာ တယ်လို့ ဆိုပါတယ်။
ခုလိုမျိုး ဖားကန့်မြို့ကို ဆန်တင်ပို့ခွင့်ကို စစ်ကောင်စီခန့်ထားတဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ အမိန့်နဲ့ လမ်းခရီး စစ်ဆေးရေးဂိတ်တွေမှာ ပိတ်ထားလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့ပြင် ဖားကန့်မြို့နယ်ကို ဆန်တင်ပို့တာတွေပိတ်ပင်ထားတဲ့အပြင် စက်သုံးဆီတင်ပို့မှုကိုလည်း စစ်ကောင်စီ တပ်က ဖေဖော်ဝါရီလ ဒုတိယပိတ်ကစတင်ကာ ပိတ်ပင်ခဲ့တာကြောင့် ဝယ်မရအောင် ဆိုင်တွေမှာ ပြတ်လပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ဖားကန့် #ဆန်တင်ပို့မှု #စစ်ကောင်စီပိတ်ပင်ထား
#Ayeyarwaddy_Times