ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
ကရင်ပြည်နယ်၊ ကရင်အမျိုသားးအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့တောင်ဖက် ဖလူးဝေါ်လေလမ်းမကို ဖြတ်သန်းသည့် စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့် ဘုတ်ပြင်းမြို့ အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃)
လက်အောက်ခံ ခမရ (၅၈၅) မှ ယာဉ် သုံးစီးသည် ကော်ဘရာစစ်ကြောင်း တာဝန်ယူထားသည့် ဖလူးဝေါ်လေ လမ်းမမှ ဖြတ်သန်းစဉ် ကော်ဘရာစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လောလောဆယ် သိရသလောက် ထုတ်ပြန်ပေးထားပါတယ်။ လက်ရှိမှာတော့ မြေပြင်အခြေအနေ ငြိမ်နေပါတယ်” ဟု ကော်ဘရာစစ်ကြောင်း၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နှစ်ဖက် ထိတွေ့ တိုက်ပွဲသည် ၁၅ မိနစ်ခန့်သာ ကြာခဲ့သော်လည်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အခြားအဆင့် ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သည် ကားပေါ်မှ ရမ်းသန်းပစ်ခတ်သောကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်ခိုလှုံနေသော ပြည်သူ ၁ ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၁ ဦး ဒဏ် ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိဟု သိရသည်။
#ကရင်ပြည်နယ် #KNUတပ်မဟာ၆ #ဖလူးဝေါ်လေလမ်းမ #စစ်ကောင်စီတပ် #ကော်ဘရာစစ်ကြောင်း #တိုက်ပွဲ #Ayeyarwaddy_Times