ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၃ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေခုနစ်ပင်ရွာနေ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီးများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။
ပေခုနစ်ပင်ရွာနေ ဒေါ်မြင့်မြင့်စန်းသည် အသက် (၅၀) နှစ်သည် ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က ပေခုနစ်ပင်ရွာအနောက်ဘက်မှ စျေးရောင်းပြန်လာစဥ် ဒီးဒုတ် ကွင်းရွာမှ ရိက္ခာထွက်သယ်သောအာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ လက်အောက်ခံ ပျူစောထီးများက ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင် အကြောင်းမဲ့ ပစ်သတ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ထံက သိရသည်။
“သူ(ဒေါ်မြင့်မြင့်စန်း)က ရွာအပြင်က ယာလုပ်တဲ့တောင်သူတွေ စုနေကြတဲ့အိမ်တွေကို စျေးရောင်းပြီးပြန်လာတာ။ ပုသိမ်-မုံရွာ ကားလမ်းမပေါ်ရောက်တော့ ရိက္ခာ ထွက်သယ်တဲ့ စကစနဲ့ ပျူတွေက အကြောင်းမဲ့ ပစ်သတ်သွားတယ်။ စကစက ပျူစောထီးတွေကို ချပေးတဲ့ ကာဘိုင်သေနတ် 9.5 ကျည်ဆံခွံတွေ ရထားတယ်” ဟု ဒေသခံအမျိုးသားက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးများသည် ထိုသို့ပစ်သတ်ပြီးနောက် သူမပိုင်ဆိုင်သော နားကပ် ၁ စုံ၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် စျေးရောင်းရငွေတို့ကို ယူဆောင် သွားကြောင်း သိရသည်။
ဒေါ်မြင့်မြင့်စန်း သေဆုံးမှုနှင့် ပတ်သက်၍ ပေါက်မြို့နယ်၊ နဂါးပွက်ကျေးရွာနေ ပျူစောထီး ဆန်းထွန်းနိုင်ဆိုသူက “တန်ပြန်ကလဲ့စာ” ဖေ့ဘုတ်(စ်)အကောင့်ဖြင့် “ဒေါ်မြင့်မြင့်စန်းကို PDF များက ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်သွားပြီး ယင်းနေ့ ညနေပိုင်းတွင် ဝင်းထိုက် ဆိုသူအား ရေနံမှော်အပြန်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပုံဖျက်ရေး တင်ထားကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေပြာရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
#မကွေးတိုင်း #ပေါက်မြို့ #စစ်ကောင်စီတပ် #ပျူစောထီးများ #စျေးသည်အမျိုးသမီး #ပစ်သတ် #Ayeyarwaddy_Times