ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒေသခံပြည်သူတွေ ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့အတွက် ကျေးရွာတစ်ရွာကို လူငယ် ၄၀ ဦးထိတောင်းယူနေတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့အတွက် ကျေးရွာ တိုင်းကို လူ ၄၀ ထိတောင်းယူနေတာဖြစ်ပြီး သင်တန်းမတက်ချင်တဲ့သူတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက လာဘ်ငွေရယူကာ အစားထိုးထည့်ပေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ဒီလ ဒုတိယပတ်လောက်မှစခေါ်နေတာ။ သင်တန်းက ၄ ပတ်တက်ရမယ်လို့တော့ ပြောတယ်။ ဘယ်မှာ တက်ရမယ်ဆိုတာတော့ မသိသေးဘူး။ တချို့လည်း မတက်ချင်တော့ ငွေပေးပြီး ရှောင်ရတာမျိုးတွေရှိတယ်”လို့ ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော​ပါတယ်။

ကျေးရွာတွေမှာရှိတဲ့ လူငယ်တွေကို အများဆုံးခေါ်ယူတာဖြစ်ပြီး လူဦးရေးမပြည့်သည့်အခါ အသက် ၅၀ အရွယ်အမျိုးသားတွေကိုပါ ခေါ်ယူနေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငွေကြေးမတက်နိုင်တဲ့ သူတွေက ပြည်သူ့စစ် သင်တန်း မတက်ချင်ပေမယ့် မဲနှိုက်နေရတာမျိုးတွေ ရှိသလို တချို့တွေမှာလည်း သင်္ကန်းဝတ်တာတွေရှိတယ်လို့ ဆိုပါတယ်။

ခုလိုမျိုး စစ်ကောင်စီတပ်က ဒေသတော်တော်များများမှာ ပြည်သူ့စစ်သင်တန်းပေးဖို့ စီစဥ်နေတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား သိသိသာသာလျော့နည်းလာတယ်ဆိုတဲ့ အချက်ကိုသိသာစေသလို မြို့ပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို အစားထိုးအသုံးပြုဖို့ စီစဥ်တာမျိုး ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။

#ဘိုကလေး #ပြည်သူ့စစ်ကျေးရွာတစ်ရွာကို
#လူ၄၀ခန့်စစ်ကောင်စီကတောင်းနေ
#Ayeyarwaddy_Times