ဧရာဝတီတိုင်းမ်
(မကွေး)၊ ဖေဖော်ဝါရီလ ၂၂ ရက်
မကွေးတိုင်းအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းများကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးနှင့်အထက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
သရက်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဆင်ကော်ရဲစခန်းကို တိုက်ခိုက်ရာတွင် စခန်းမှူးအပါအဝင်ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။ အဆိုပါ ရဲစခန်းတိုက်ခိုက် ခံရမှုကြောင့် စစ်ကူရန်လာသည့် စစ်ကောင်စီယာဉ်တစ်စီးကို သရက်ခရိုင် တပ်ရင်း(၄) (Eagle Force)နှင့် မိုးကြိုးပြောက်ကျားအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲ့ဒီနေ့ ၂၀ ရက်နေ့တစ်ရက်တည်းမှာ မစ်ရှင် ၃ ခုလုပ်ဆောင်ခဲ့ပါတယ်။ အခွင့်ရေးရ တာရော ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်ပြီးတော့ရော တိုက်ခိုက်ခဲ့တယ်။ ရဲစခန်းကို တိုက်ပြီးရင်စစ်ကူလာမယ့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်မယ်။ အဲ့ဒီလိုပါ။ မင်းတုန်းမြို့က စစ်ဆေးဂိတ်ကို ဒရုန်းနဲ့တိုက်တဲ့မစ်ရှင်မှာတော့ ထိခိုက်ဒဏ်ရာရတာကို သေချာမသိရဘူး” ဟု သရက်ခရိုင် တပ်ရင်း-၄ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဂန်ဂေါမြို့နယ်ရှိ မင်းရွာရဲကင်းစခန်းသို့ ရောက်နေသည့် ခလရ(၅၀) မှ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း MOD ကထုတ်ပြန်ထားသည်။
မင်းလှမြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီယာဉ်တန်း ကား ၅ စီးကို မင်းလှ(ပကဖ)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အရှို့ချင်းကာကွယ်ရေးတပ်-ACDFတို့ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ ပြုလုပ်ခဲ့သည့် မကွေးတိုင်းအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီစခန်းအချို့ မီးလောင်ပြာကျခဲ့ကြောင်း MOD ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – မကွေးတိုင်းအတွင်းရှိ ချေမှုန်းရေးတပ်ဖွဲ့ဝင် ရဲမေများ
#မကွေးတ်ိုင်း #PDFတိုက်ခိုက်မှုတစ်ရက်အတွင်း
#စစ်ကောင်စီတပ်သား #၁၁ဦးသေဆုံး
#Ayeyarwaddy_Times