ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
ဧရာ၀တီတိုင်း၊ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖွဲ့တစ်ချို့ဟာ ကြံခင်းမြို့နယ် အတွင်းက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ သစ်တောတွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာစတင်၀င်ရောက်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ဒီတစ်ခါ စစ်ကြောင်း၀င်လာတာ။ အရင်လို ရွာတွေဘက်က ကားတွေနဲ့တက်လာတာ။ ခုက ရခိုင်ရိုးမဘက်ကနေ ခြေလျှင်၀င်လာတာ။ PDF ရှိတယ်ဆ်ိုပြီးအမြဲလာနေကျ။ တစ်ခါမှလည်း မိတယ်မကြားရဘူး။ တစ်လကိုနှစ်ခါလောက်၀င်လာနေကြပဲ။ သူတို့လာရင်ထင်းခုတ်ဝါးခုတ်တဲ့လူတွေ တောထဲမ၀င်ရဘူး အမိန့်တန်းထုတ်တာ”လို့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကြံခင်းမြို့နယ် အနောက်ဘက်မှာရှိတဲ့ ရခိုင်ရိုးမအစပ်ရှိ ကွန်ချောင်းဆည်ဘက်မှ ဖြတ်ဝင်လာပြီး ခုံကြီးချောင်းအစပ်၊ ပိုးစုကြီးကျေးရွာရဲ့ အနောက်ဘက်ရှ်ိတဲ့ ရိုးအတွင်း စတဲ့နေရာအပြင် ကျောက်တကျင် တောစခန်းအနီးမှာလည်း လက်ရှိတပ်စွဲထားတာဖြစ်ပြီး အင်အား ၄၀ ကျော်ရှိမယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက ရိုးမအစပ်မှာနေထိုင်တဲ့ ကျေးရွာပြည်သူတွေကို တောအတွင်း သစ်၊ ဝါး ခုတ်ယူခြင်းမပြုဖို့နဲ့ တောအတွင်းနေထိုင်ပြီး ထလုပ်ကိုင်စားသောက်နေသူတွေကို ရွာတွေပြန်ကြဖို့ နှင်ထုတ်နေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။
ကြံခင်းမြို့နယ်မှာ စစ်ကောင်စီက PDFတွေရှိနေတယ်ဆိုပြီးသစ်တောတွေအတွင်း နှစ်လအတွင်းရှာဖွေနေတာ ၄ ကြိမ်မြောက်ရှိလာပြီဖြစ်ပြီးလက်ရှိအချိန်ထိတော့ မတရားဖမ်းဆီးခံရသူမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင်လမ်းသစ်တောတွေအတွင်းမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေအမြဲပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#ကြံခင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #သစ်ခုတ်ဝါးခုတ် #နှင်ထုတ် #၂လအတွင်း #၄ကြိမ်
#Ayeyarwaddy_Times