ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၂၂ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများကို ဇန်နဝါရီ လဆန်း ပိုင်းမှစတင်၍ ဖြတ်တောက်ထားသောကြောင့် ပြည်တွင်း ပြည်ပနှင့် ဆက်သွယ်မှုများ ပြုလုပ်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း ဒေသခံပြည်သူများ ထံက သိရသည်။
စစ်ကောင်စီတပ်က ဖုန်းလိုင်းများကို ပိတ်ပင်မှုကြောင့် ကြိုးဖုန်းကိုသာ အသုံးပြုနေရပြီး အဆိုပါကြိုးဖုန်းများကို ပြည်သူအများစုမှာ အသုံးမပြုနိုင်ဘဲ စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာရုံးများနှင့် မြန်မာ့ဆက်သွယ်ရေးရုံးရှိတွင်သာရှိသောကြောင့် ပြည်သူအချို့သာ အသုံးပြုနိုင်သည်ဟု ဒေသခံများက ဆိုသည်။
“ဇန်နဝါရီလ ပထမအပတ်လောက်ကနေ ဖုန်းလိုင်းတွေ အကုန်ပိတ်ထားတယ်။ ဖုန်းလိုင်းတွေ အကုန်ပိတ်ထားတော့ ပြည်တွင်း/ပြည်ပမှာ နေထိုင်တဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ အဆက်အသွယ်တွေ လုံးဝပြတ်တောက်သွားတယ်။ စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာရုံးတွေမှာတော့ ကြိုးဖုန်းတွေကို အကုန်တပ်ဆင်ပြီး အသုံး ပြုနေကြတယ်။ ပြည်သူတွေထဲမှာတော့ ကြိုးဖုန်းအသုံးပြုတာ ၂ အိမ်လောက်ပဲရှိတယ်။ ပြီးတော့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးရုံးမှာရှိတဲ့ ကြိုးဖုန်းကိုတော့ ပြည်သူတွေက အခကြေးပေးပြီး အသုံးပြုကြတယ်”ဟု မတူပီမြို့နယ်မှနေ၍ လွတ်မြောက် နယ်မြေသို့ ရောက်ရှိလာသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် မတူပီမြို့နယ်တွင် ပြည်တွင်း/ပြည်ပနှင့် အဆက်ပြတ်ကာ ၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်၊ ၎င်းတို့ပြုလုပ်မည့် မစ်ရှင် အစီအစဉ်များ ဒေသကာကွယ်ရေးအဖွဲ့များထံ သတင်းမပေါက်ကြာစေးရန်နှင့် မြို့တွင်းရှိ ဒေသခံပြည်သူလူထုများကို အကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရန်အတွက် ဖုန်းလိုင်းများကို မကြာခဏပိတ်ပင်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။
မတူပီမြို့ရှိ ဒေသခံပြည်သူများမှာ ပြည်တွင်းတစ်ခုတည်းကိုသာ ကြိုးဖုန်းဖြင့် ခေါ် ဆိုနိုင်ပြီး မတူပီမြို့တွင် ဖြစ်ပျက်နေသော သတင်းအကြောင်းအရာများကို လွတ်လပ်စွာ ပြောဆိုခွင့်မရသည့်အပြင် ဖုန်းပြောဆိုရန်အတွက် တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
“အရင်တုန်းကတော့ ဖုန်းလိုင်းကို အလွန်ဆုံး ၂ ပတ်အထိပဲ ပိတ်တယ်။ အခုတော့ ၂ လနီးပါးရှိနေပြီ။ ကြိုးဖုန်းနဲ့ ပြည်တွင်းပဲပြောလို့ရတယ်။ ပြည်ပကို ဆက်လို့မရဘူး။ ဖုန်းပြောဖို့အရေး တန်းစီပြီး အချိန်အကြာကြီး စောင့်ဆိုင်းနေရတယ်။ ပြီးတော့ လူများအလယ်မှာ လွတ်လွတ်လပ်လပ်စကားပြောဆိုလို့ မရဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် မတူပီမြို့နယ် ပါဝင်နေပြီး စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် မတူပီမြို့နယ်၊ ဇိုတုန်နယ်နှင့် မရာနယ်တို့တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
#ချင်းပြည်နယ် #မတူပီမြို့နယ် #ဖုန်းလိုင်းဖြတ်တောက် #ဒေသခံများ #ဆက်သွယ်ရေးခက်ခဲ #Ayeyarwaddy_Times