ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
NLD အစိုးရလက်ထက် ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီ လက်အောက်ခံ ဒဂုံမြို့နယ်တရားရုံးမှနေ၍ ရွေးကောက်ပွဲ ကော်မရှင်ကို မလျော်ဩဇာ သုံးမှုဆိုင်ရာ ရာဇာသတ်ကြီးပုဒ်မ ၁၃၀(က) ဖြင့် ဒဏ်ငွေတစ်သိန်း ချမှတ်ကာ အမှုပြီးပြတ်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
ဦးဖြိုးမင်းသိန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကိုစွဲဆိုခဲ့သည့် မလျော်ဩဇာသုံးမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)မှာ အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးထံက သိရသည်။
“ရွှေနဲ့ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့ကြောင်း ထွက်ဆိုခဲ့တဲ့ ဦးဖြိုးမင်းသိန်းကို လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးမယူဘဲ ဒီလိုပြစ်ဒဏ်ချမှတ်လိုက် တယ်ဆို ကတည်းက စစ်ကောင်စီက လုပ်ချင်သလို လုပ်နေတယ်ဆိုတာ မြင်သာနေ တာပဲ။ နောက်ထပ် မြင်သာနေတာတစ်ခုက သူတို့(စစ်ကောင်စီ)လိုချင်တဲ့ အတိုင်းဖြေဆိုပေးလို့ နောက်ကွယ်မှာ အပေးအယူသဘောမျိုးနဲ့ ခုလိုပြစ်ဒဏ်ပေါ့လျော့ တာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ခုသူတို့လိုချင် တာက NLD ပါတီ၀င်တွေဟာ အကျင့်ပျက်ခြစားတဲ့လူတွေ၊ ဘာမှမလုပ်နိုင်တဲ့သူတွေပါဆိုပြီး သိက္ခာချနေတယ်လို့ပဲမြင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ “သူက ဒီတစ်မှုထဲပါ။ တခြားအမှုတွေ မရှိတော့ပါဘူး”ဟု ဘီဘီစီကို ဖြေကြားချက်အရ ဦးဖြိုးမင်းသိန်းသည် ဒဏ်ငွေ တစ်သိန်း ဆောင်၍ စစ်ကောင်စီ စွဲဆိုထားသည့် အမှုမှ လွတ်မြောက် သွားပြီဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ တရားရုံများးသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွဲဆိုထားသည့် ရာဇာသတ်ကြီးပုဒ်မ ၁၃၀(က) ဖြင့်ပင် နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု၀န်ကြီးများနှင့် ကျန်၀န်ကြီးချုပ်များကို တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် များချမှတ်ခဲ့သည်။
#NLDအစိုးရ #ရန်ကုန်တိုင်းဝန်ကြီးချုပ် #ဦးဖြိုးမင်းသိန်း #ဒဏ်ငွေ၁သိန်း #အမှုပြီးပြတ် #Ayeyarwaddy_Times