ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်အတွင်းတွင် ယခုလအတွင်း လုယက်သတ်ဖြတ်မှုများ ပိုများလာနေပြီး ကျူးလွန်သူများကို အရေးယူသူမရှိ၍ ကျေးရွာသားများမှာ မိမိတို့ အစီအစဉ်ဖြင့် အလှည့်ကျ ညကင်းစောင့်နေရကြောင်း ဒေသခံများထံက သိရသည်။
တောင်ကုတ်မြို့နယ်အတွင်းရှိ ရွှေပန်းတောရွာနှင့် ဝက်ကျိန်းအုပ်စုရှိဝက်ကျိန်းရွာ၊ သင်းဘောဆိပ်၊ ရွာဟောင်း၊ ရွာသစ်၊ မှိုဟင်းတောနှင့် တစ်ခြားကျေးရွာအချို့တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်၍ ရွာအဝင်တွင် ကင်းတဲများဆောက်လုပ်ကာ ကင်းစောင့်နေကြရသည်။
“အခုဟာက ပစ္စည်းခိုးရုံတင်မကဘဲ လူပါသတ်လာကြပြီ။ သူတို့ကသူခိုးအဆင့် မဟုတ်တော့ဘူး။ ဒါကြောင့် ကိုယ့်ရွာလုံခြုံရေးအတွက် ကိုယ်တို့သတိထားဖို့ လိုအပ်လာပြီ။ ဒါကြောင့် ကိုယ့်ရွာအလိုက် ရွာသားတွေစုပေါင်းပြီး အလှည့်ကျ ကင်းစောင့်နေကြတာပါ။ ည ၆နာရီကနေ မနက် ၆နာရီအထိပေါ့။ တစ်ခြားနေရာတွေမှာ ဖြစ်သွားတဲ့ မှုခင်းမျိုး ကိုယ့်ဆီကိုမရောက်လာအောင် ကြိုကာကွယ်နေတဲ့သဘောပါ” ဟု ဝက်ကျိန်းရွာရှိ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ညပိုင်းက နေအိမ်ကို ဖောက်ထွင်းသည့်အပြင် အိမ်ရှိ အမျိုးသမီးငယ်ကို ဓားဖြင့်ထိုး၍ ရွှေ ၉ ကျပ်သားနှင့် ငွေသား ကျပ်သိန်း ၂၀ ကျော် ခိုးယူခံခဲ့ရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ရန်ခေါင်ရွာမှ လူငယ်တစ်ဦးကိုလည်း လူတစ်စုက ဓားဖြင့်ထိုးသတ်၍ အဆိုပါလူငယ် စီးနင်းလာသည့် ဆိုင်ကယ်ကို လုယူခဲ့သည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၅ ရက်နေ့များတွင် တောင်ကုတ်မြို့ ပေါ်ရပ်ကွက်မှ ဆိုင်ကယ် ကယ်ရီသမားနှစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပြီး ဆိုင်ကယ်များကို ယူဆောင်သွားကြောင်းလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ယခုကဲ့သို့ ခိုးမှု ၊ လုယက်သတ်ဖြတ်မှုများ တနေ့ထက်တနေ့ပိုများလာရခြင်းမှာ စစ်ကောင်စီ၏ စီးပွားရေးလမ်းကြောင်းပိတ်ဆို့မှုတို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲကြုံနေရပြီး နောက်ဆက်တွဲအနေဖြင့် လက်လုပ်လက်စားသမားများပါ ငတ်ပြတ်လာခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။
ယင်းအပြင် ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာအာဏာပိုင်များက ဖော်ထုတ်အရေး ယူနိုင်ခြင်းတစုံတရာမရှိခြင်းမှာလည်း ပြစ်မှုကျူးလွန်သူများအတွက် အခွင့်ကောင်း တစ်ခု ဖြစ်နေသည်ဟု တောင်ကုတ်မြို့ခံလူငယ်တစ်ဦးက သုံးသပ်ပြောကြားသည်။
” လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ရင် ကျပန်းလုပ်စားသူတွေ အလုပ်လက်မဲ့ဖြစ်ပြီ။ အငတ်မခံနိုင်တော့ ခိုးဖို့သတ်ဖို့လည်းဝန်မလေးကြတော့ဘူး။ ပြီးတော့ အမှုတစ်ခု ဖြစ်ပီဆို စစ်ကောင်စီဖက်ကို အားကိုးရမလိုလို အေအေ ဖက်ကို အားကိုးရမလိုလိုနဲ့။ ဘယ်အဖွဲ့ကမှ တာဝန်ယူဖြေရှင်းပေးတာမရှိတော့ ပြစ်မှုကျူးလွန်သူတွေက ကြားမှာ လွတ်နေတာပေါ့။ ဒီအတိုင်းဆို ပြစ်မှုတွေထပ်ကြားလာရမှာပဲ။ တကယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေကသာ ကျူးလွန်သူတွေကို ဖော်ထုတ်အပြစ်ပေးနိုင်ရင် နောက်လူတွေ လိုက်လုပ်ရဲမှာမဟုတ်တော့ဘူး”ဟု တောင်ကုတ်မြို့ ဒေသခံ လူငယ်က ပြောသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်က မြို့နယ်အချိုု့တွင် ယခုကဲ့သို့ ခိုးမှု၊လုယက်မှု၊သတ်ဖြတ်မှုများ ပိုများလာနေပြီး ကျူးလွန်သူများကို မည်သည့် အဖွဲ့အစည်းကမှ ဖော်ထုတ်အရေးယူနိုင်ခြင်း၊ အရေးယူပေးခြင်း မရှိသေးသည့်အပေါ် ဒေသခံများ၏ ဝေဖန်မှုများ မြင့်တက်နေသည်။
#ရခိုင်ပြည်နယ် #တောင်ကုတ် #လုယက်သတ်ဖြတ် #အရေးယူ #ဒေသခံ #ညကင်းစောင့် #Ayeyarwaddy_Times