ဧရာဝတိတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခရိုင် ၇ ခရိုင်အတွင်း နေထိုင်သော အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၀၇ ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်က ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို)မှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ရက်ပေါင်း ၇၅၁ ရက်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် အပြစ်မဲအရပ်သားပြည်သူများအား ပစ်မှတ် ထား တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများသာဖြစ်ကာ တပ်ပိုင်းဆိုင်ရာသို့ လာရောက်တိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအား ထည့်သွင်းရေတွက်ထားခြင်းမရှိကြောင်း သိရသည်။

“ကျွန်မတို့ နယ်မြေထဲကို ဒီကောင်တွေ လေကြောင်းနဲ့ ဆက်တိုက်တိုက်ခိုက်နေတာတွေ အကြိမ်အရေအတွက် တော်တော်များနေပါပြီ။ နေ့တိုင်းနီးပါး လေယာဥ်မလာတဲ့ ရက်ရယ်လို့ မရှိသလောက်တောင် ဖြစ်နေပါပြီ။ တချို့ဒီနယ်မြေက နေရာတွေမှာ PDF တွေ ရှိတဲ့​နေရာဆို Location အတိအကျ သူတို့ သိထားတာတွေရှိတယ်။ အဲ့လိုနေရာတွေကို သူတို့ပိုပြီး အကြိမ် ကြိမ် လေယာဥ်နဲ့ ဗုံးလာကြဲတာတွေရှိတယ်။ တချို့ PDF သင်တန်းတွေ ရှိတဲ့နေရာတွေဆိုရင် သူတို့သိကြတယ်။ ဘယ်လိုသိကြသလဲဆိုရင် ဒလန်တွေလည်း ရှိကောင်းရှိကိုရှိနိုင်လို့ ဖြစ် မယ်လို့ပဲ ယူဆရတယ်” ဟု အသက် ၃၀ ဝန်းကျင်အရွယ် ကော့ကရိတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်တွင် KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခရိုင် ၇ ခရိုင်အတွင်း နေထိုင်သော အရပ်သားပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် ၂၅၈ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ ၆ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၃၅ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း ၈ ကျောင်းတို့မှာ ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့အရပ်သားပြည်သူ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၃၆ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

“စစ်ကောင်စီရဲ့ မတရားသဖြင့် လေကြောင်းနဲ့ တိုက်ခိုက်နေမှုက KNU နယ်မြေတင်မကပါဘူး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ပါ သူတို့လုပ်လို့ ရွာတွေ၊ အိမ်တွေ၊ မြို့တွေပါ ပျက်ရတဲ့ အထိပါပဲ။ ကျွန်မတို့က မတရားမှုကို တော်လှန်ရင်း ပြည်သူလူထုဟာ ပြည်တွင်းစစ်ဆိုးကို ခါးစီးခံနေကြရတာပါ။ နယ်မြေတစ်ခုကိုဖိပြီး တိုက်ခိုက်တိုင်း ကျွန်မတို့တတွေက တစ်ဖက်မှာ ငြိမ်မနေဘူး။ ဖိရင်ထ၊ ထိရင်ကြွတယ်ဆိုတာ ဒါမျိုးပါ။ ကျွန်မအနေနဲ့ကတော့ စကစအနေနဲ့ ခုလိုလေကြောင်းနဲ့ ဖိအားပေးတဲ့အပေါ် ခုလဲရှုတ်ချသလို နောက်လဲရှုတ်ချပါတယ်။ လူမဆန် တဲ့ လုပ်ရက်တွေကို လုပ်နေတာ ပြောစရာမလိုအောင် အားလုံးအသိပါပဲ။ ကျန်တဲ့အပိုင်းကတော့ ပြည်သူလူထု၊ ရဲဘော်ရဲဘက်တွေနဲ့ တစ်သားထဲ ရပ်တည်ပေးနေတာမို့ အတူရှိနေပေးပါ တယ်။ စိတ်မကောင်းပါဘူး” ဟု စာရေးဆရာမ စောဟန်နွေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဖော်ပြပါအချက်အလက်များ၏ အသေးစိတ်အချက်အလက်များကို KNU မှ မကြာခင်ထုတ်ဝေမည့် လူ့အခွင့်အရေး အစီရင်ခံစာတွင် အသေးစိတ်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ ရည်ရွယ်ချက်ကတော့ ဒီနယ်မြေမှာက အဆင့်ဆင့် ကာထားတာမျိုးတွေ ရှိနေတော့ သူတို့ ခြေလျှင်စစ်ကြောင်း ထိုးမရတော့ လေယာဥ်တွေနဲ့ အမြဲတိုက်ခိုက်တယ်။ လေကြောင်းနဲ့ တိုက်ခိုက်ရင် သူတို့အတွက် ပိုအသားစီးရမယ်လို့ မြင်ပြီး လုပ်နေကြခြင်းပဲ ဖြစ်တယ်။ ဒါကို ကျွန်မတို့က အမြဲသတိရှိကြရတယ်။ လေယာဥ်လာတာနဲ့ ကတုတ်ကြွင်းတွေဆီကို တန်းပြေး ကြရတယ်။ သူတို့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ကို သေစေချင်တာမို့ သူတို့ ရည်ရွယ်ချက် မအောင်မြင်အောင် ကျွန်မတို့ မသေမှဖြစ်မယ်” ဟု အသက် ၂၅ နှစ်အရွယ်ရှိ ဒေသခံအမျိုး သမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများ ကို ဖိတ်ခေါ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့် သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများ လုပ်ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

#KNU #နယ်မြေ #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက် #သေဆုံး #ဒဏ်ရာရ
#Ayeyarwaddy_Times