ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
ပဲခူးတိုင်း၊ KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာတွင် တပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် စစ်တောင်းမြစ်အရှေ့ ဘက်ကမ်းရှိ ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ များထံမှ သိရသည်။
ပုဇွန်မြောင်းရွာတွင် တပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ မနက် ၅ နာရီခန့်မှစတင်၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်၊ ထောင်လောင်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စကစက လက်နက်ကြီးအထိုင်ကနေ စစ်တောင်းမြစ်အရှေ့ဘက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းပစ်ခဲ့တယ်။ ရွာတွေထဲ လက်နက်ကြီးကျတယ်။ ရွာသားတွေ အထိအခိုက်ရှိပါ တယ်။ ထိတွေ့တိုက်ပွဲငယ်အချို့တော့ ရှိပါတယ်။ အခုရွာတွေမှာ KNU ၊ PDF ပူးပေါင်းတပ်တွေ ရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာပါ။ လက်နက်ကြီးထိတဲ့ အိမ် ၃ လုံးကတော့ ပျက်စီးသွားပါတယ်။ ဒီနေ့တော့ ပစ်ခတ်တာ မရှိသေးပါဘူး။ ခုချိန်ထိတော့ ငြိမ်နေပါတယ်” ဟု ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရသည့် ဒေသခံပြည်သူများမှာ အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်းဦး၊ အသက် ၃၀ အရွယ် ဦးမင်းကို နှင့် အသက် ၂၃ နှစ်အရွယ် မဖွေးဖွေးတို့ဖြစ်ကြပြီး ၎င်းတို့ကို ရွှေကျင်ဆေးရုံမှတဆင့် ပဲခူးဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေကျင်မြို့နယ်အတွင်းရှိ ညောင်ပင်ကြီးရွာ၊ ထောင်လောင်ရွာ၊ စပ်စုရွာ၊ သက်ကယ်ကုန်းရွာ၊ စံဖဲရွာတို့မှ ဒေသခံပြည်သူများအပြင် ညောင်လေးပင်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း စစ်ကောင်စီတပ် စခန်းချသည့် ကျေးရွာများဖြစ်သော ပုဇွန်မြောင်းရွာ၊ ကွင်းဒလကြီးရွာ၊ ညောင်ပင်ပေါက်ရွာများမှ ပြည်သူတချို့လည်း နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စုစုပေါင်း ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
“နံနက် ၅ နာရီအချိန်လောက်က စပစ်တာ။ စက်စုရွာ၊ သက်ကယ်ကုန်းရွာ။ နေ့စဉ်တော့ အခုလို ရမ်းပစ်တာရှိပါတယ်။ စကစက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို ရဲရဲမလာရဲတော့ဖူး။ အဲဒါကြောင့် အနောက်ဘက်ကမ်းကနေ လက်နက်ကြီးတွေ ရမ်းပစ်တာ၊ ဒရုန်းသုံးပြီး တိုက်ခိုက်တာတွေ လုပ်ပါတယ်” ဟု အသက် ၅၀ ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများ၌ တပ်အင်းအားတိုးချဲ့ခြင်း၊ ညောင်လေးပင်မြို့နယ်အခြေစိုက် ခမရ(၂၀)တပ်ရင်းတွင် တပ်နေရာ အရွှေ့အပြောင်းများ ပြုလုပ်နေကြောင်း သိရသည်။
#ညောင်လေးပင် #စစ်ကောင်စီ #လက်နက်ကြီး #ရမ်းသမ်းပစ်ခတ် #ဒေသခံ #ထိခိုက်ဒဏ်ရာရ #ထွက်ပြေးတိမ်းရှောင်နေရ
#Ayeyarwaddy_Times