ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဖေဖော်ဝါရီလ ၂၂ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဂွေးချောင်းကျေးရွာအနီးရှိ တိုးဂိတ်တစ်ခုတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ရိုဟင်ဂျာ ၃၂ ဦး တင်ဆောင်လာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်-ပြည်ကားလမ်းပေါ်ရှိ ဂွေးချောင်းတိုးဂိတ်တွင် ၆ ဘီးကားတစ်စီးအား စစ်ကောင်စီတပ်သားများမှ စစ်ဆေးရာ ရိုဟင်ဂျာ အမျိုးသမီး ၄ ဦး အပါအဝင် ၃၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် သုံးဆယ်မြို့မရဲစခန်းသို့ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ဂွေးချောင်းတိုးဂိတ်မှာဖမ်းမိတာလို့သိရတယ်။ သတင်းရလို့နေမှာ၊ ပုံမှန်ဆိုအဲ့ဒီဂိတ်တွေ ပိုက်ဆံယူပြီးရင် စစ်တာမဟုတ်ဘူး။ ပြည်ဘက်ကလာတဲ့ကားဆိုတော့ ရခိုင်ဘက်နေလာတယ်ယူဆရတယ်။ ရန်ကုန်ကိုဖြတ်ပြီး ဒီအောက်ပိုင်းကိုကူးမလို့ထင်တယ်။ သုံးဆယ်ရဲစခန်းကိုခေါ်သွားတယ်လို့ သိရတယ်” ဟု အသက် ၄၀ ဝန်းကျင် သာယာဝတီဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုအခါတွင် အဆိုပါရိုဟင်ဂျာ ၃၂ ဦးအား သုံးဆယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး သုံးဆယ်ဗလီမှ ထမင်း၊ဟင်း ချက်ပြုတ်ကျွေးမွေးနေရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ဘက်မှ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် လာသည့် ရိုဟင်ဂျာလူမျိုး ၄၀ ဦးအား မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း၌ စစ်ကောင်စီမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
#သာယာဝတီ #ရိုဟင်ဂျာ #ဂွေးချောင်း #တိုးဂိတ် #ဖမ်းဆီး
#Ayeyarwaddy_Times