နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၂၂ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းသို့ တော်လှန်ရေး တပ်ဖွဲ့ဝင် (PDF) များ ရောက်ရှိနေသည် ဟုဆိုကာ မြို့အဝင် အထွက်နှင့် တိုးမြစ်ရေကြောင်းလမ်းများကို စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် မီးသတ်များမှ ရှာဖွေစစ်ဆေးလျှက်ရှိပြီး ညဘက်တွင်လည်း ဒရုန်းများလွှတ်တင်၍ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

“တော်လှန်ရေး အင်အားစု အချို့ ပြန်ရောက်နေတယ်ဆိုပြီး စစ်ကောင်စီရဲ့ သတင်းပေးဒလန်တွေက မဟုတ်မမှန်သတင်းတွေ လွှင့်ပြီး လုပ်ကွက်ရှာနေတာ။ ဘယ် PDF ကမှ မြို့ထဲပြန်မဝင်ဘူး။ သူတို့ဘာသာ ငွေညှစ်ချင်တာနဲ့ အကြောင်းမရှိ အကြောင်းရှာနေတာ” ဟု အသက် ၃၀ အရွယ်ရှိအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မအူပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ သတင်းပေးဒလန် ၊ ပြည်သူ့စစ် နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များသည် ဧည့်စာရင်းများလိုက်လံစစ်ဆေးခြင်း၊ ကင်းပတ် ဂိတ်စောင့်ခြင်းများ ပြုလုပ်ကာ ပြည်သူများထံမှ ငွေကြေးတောင်းယူလို၍ ယခုကဲ့သို့ သတင်းလွှင့်ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီတပ်တွေက သတင်းပေးဒလန်တွေပြောတာနဲ့ ကြောက်လန့်ပြီး ချက်ချင်း ကင်းပုန်းဝတ်တာ။ ကင်းပတ်တာ ဧည့်စာရင်းစစ်ဆေးတာတွေထလုပ်နေတာ။ ညဘက်ဆိုလည်း ကောင်းကင်ပေါ်မှာ ဒရုန်း လွှတ်တင်ပြီး စောင့်ကြည့်နေတော့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် အင်အားနည်းပါးလာခြင်း ကြောင့် သတင်းပေး ဒလန်များ၏ ပြောဆိုချက်များအတိုင်း ဒေသခံပြည်သူများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။