ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက မြို့ပြပြောက်ကျားအဖွဲ့မှ မြနန္ဒာစစ်ဆင်ရေးအဖြစ် လက်ပစ်ဗုံးများ၊ သေနတ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ပြည်သူ့စစ်အဖွဲ့မှ လုံခြုံရေးယူကာစောင့်နေသည့် ဆင်ရွာကြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့မှ ဆိုင်ကယ်၊ ထော်လာဂျီဖြင့် ရောက်ရှိလာကာ ၄၀ မမ ဗုံးသီးအပါအ၀င် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ့စစ် တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်က ဦးသိန်းရွှေ ခေါင်းကို ကျည်မှန်ပြီး သေသွားတယ်။ နောက်ကျောကုန်းတွေလည်း မှန်တယ်။ ပြည်သူ့စစ်အဖွဲ့၀င်ပဲ နောက်ထပ် ၃ ယောက် လည်းထိတယ်။ သူတို့တော့ မသေသေးဘူး။ လက်နက်တစ်လက်နဲ့ ကျည်တွေပါသွား တယ်” ဟုရပ်ကွက်ရုံးနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
အဆိုပါပစ်ခတ်မှုကို မန္တလေးမြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုက တိုက်ခိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့၀င် ဦးသိန်းရွှေကိုင်ဆောင်သည့် ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဆံ ၇၀ တောင့် နှင့် ကျည်ဘောက် သုံးခု တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးမြို့တွင် ၂ ရက်အတွင်း စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် မန္တလေး လွှတ်တော်ရုံးရှေ့ရှိ ဘန်ကာ၊ မန္တလေးခရိုင်တရားရုံး၊ ချမ်းမြသာစည်မြို့နယ်ရှိ အခွန်ရုံးနှင့် ယင်းအုပ်ချုပ်ရေးမှူးရုံးစသည့် နေရာလေးခု မြနန္ဒာစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ ကြောင်းအဆိုပါ အဖွဲ့မှ ထုတ်ပြန်ထားသည်။
#မန္တလေးတိုင်း #ပုသိမ်ကြီးမြို့နယ် #အုပ်ချုပ်ရေးမှူးရုံး #မြို့ပြပြောက်ကျား # မြနန္ဒာစစ်ဆင်ရေး #ပြည်သူ့စစ်သေဆုံး #