ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် ဖော်ဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အဖွားအို ၁ ဦးအပါဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ ပစ်ခတ်မှုသည် အင်းတော်မြို့ တပ်ကုန်းမှ တင့်ကားနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျော်ရွာမှ ပြည်သူ ၃ ဦးနှင့် မိုးယူရွာမှ ပြည်သူ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Indaw Revolution IR အဖွဲ့ဝင်များကပြောသည်။

ကျော်ရွာမှ ၇၈ နှစ်အရွယ် အဖွားအို ၁ ဦး၊ အသက် ၃၀အရွယ် အမျိုးသား ၁ ဦး ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ မိုးယူရွာမှ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Indaw Revolution IR အဖွဲ့ထံမှသိရသည်။

“သူတို့က လက်နက်ကြီးစမ်းပစ်တဲ့ပုံမျိုးပစ်တာဆို ပေမယ့် တမင်ပစ်ခတ်နေသလိုပါဘဲဗျ။ အင်းတော်မြို့ရဲ့တောင်ဘက်ဖြစ်တဲ့ ဂန်းနောင်ရွာ၊ ကျော်ရွာ၊ မိုးယူရွာတွေကိုပစ်တာပါ။ ဂန်းနောင်ရွာကတော့ ဘာမှမထိဘူး၊ ကျော်ရွာက အိမ် ၃ လုံး အဖွားအို ၁ ဦးနဲ့အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရတယ်။ မိုးယူရွာကအမျိုးသမီးက လည်ပင်းနဲ့ခေါင်းတွေထိပြီး နှာခေါင်းထဲကပါ သွေးတွေထွက်ကျတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားဖြစ်နေတယ်။ ဒီလိုမျိုးလုပ်ရပ်က သူတို့ရဲ့ ရိုင်းစိုင်းတဲ့ပုံစံပါဘဲ။ သူတို့ရည်ရွယ်ချက်က ပြည်သူတွေ ဒုက္ခရောက်မှ ကာကွယ်ရေးအဖွဲ့တွေကို မကူညီနိုင်တော့မှာဆိုတဲ့ ပုံစံနဲ့ လုပ်နေတာ။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြပါ”ဟု Indaw Revolution IR အဖွဲ့၏ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒါ့ပြင် အင်းတော်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် စိတ်ချို့ယွင်းသူတစ်ဦး ပစ်သတ်ခံခဲ့ရပြီး တောထဲမှ မီးသွေးဖုတ်ပြီး ပြန်လာသည့် ဒေသခံ ၁ ဦးကို PDF ဟု စွပ်စွဲကာ အဖမ်းခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

#အင်းတော်#စစ်ကောင်စီ #လက်နက်ကြီးနဲ့ပစ်ခတ်
#ဒေသခံ၄ဦးထိခိုက်ဒဏ်ရာရ
Ayeyarwaddy_Times