ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဖေဖော်ဝါရီလ ၂၂ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရောက်ရှိနေသည့် ဆရာတော် ဦးဝီရသူသည် ဒေသခံ သံဃာများနှင့် တွေ့ဆုံကာ လက်နက်ကိုင် ပျူစောထီးအဖွဲ့များဖွဲ့စည်းရန် ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သာယာဝတီမြို့နယ်သို့ လာရောက်သည့် ဆရာတော် ဦးဝီရသူကို စစ်ကောင်စီတပ်ကလုံခြုံရေး ယူပေးခဲ့ပြီး ဒေသတွင်းရှိ သံဃာများအပါအဝင် သာယာဝတီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ စစ်ကောင်စီတပ်အရာရှိ ဗိုလ်မှူးကြည်မျိုးလွင်နှင့် တွေ့ဆုံကာ ရပ်ရွာများအတွင်း ရဟန်းသံဃာများ ဦးဆောင်၍ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းရန် ပြောကြားခဲ့ကြောင်း သိရသည်။

“သူ(ဦးဝီရသူ)က ၁၉ ရက်နေ့လောက်ကစပြီးရောက်လာတာ။ ရောက်တာနဲ့ ဒီကဘုန်းကြီး(သံဃာ)တွေနဲ့ တွေ့ပြီး ပျူစောထီးအဖွဲ့တွေဖွဲ့ဖို့ပြောတာ။ ဒီက ဘုန်းကြီး အများစုက ကြားနေတွေ၊ စစ်တပ်ထောက်ခံတွေများတယ်။ ပြီးတော့ ရွာတွေမှာဆိုရင် ဘုန်းကြီးစကားနားထောင် တာများတယ်လေ။ ဒါကြောင့် အဲ့ဒီလို ရည်ရွယ်ချက် နဲ့လာတာ” ဟု အသက် ၄၀ ဝန်းကျင် သာယာဝတီ‌မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သာယာဝတီမြို့နယ်ရှိ ကျေးရွာအများစုသည် ရပ်ရွာအတွင်းရှိသံဃာတော်များ၏ ပြောစကားများအတိုင်းနားထောင်ကြသည့်အတွက် ဦးဝီရသူက ဘုန်းကြီးများအား ဦးဆောင်၍ ပျူစောထီးအဖွဲ့များ စုစည်းဖွဲ့စည်းရန်ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် သံဃာတော်များကို ဦးဆောင်စေ၍ ပျူစောထီးအဖွဲ့ ဖွဲ့ခြင်းများရှိနေပြီး စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်တွင် ဆရာတော် ဦးဝါသဝ ဦးဆောင်သည့် လက်နက်ကိုင် ပျူစောထီးအဖွဲ့များဖွဲ့ကာ စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ ဒေသခံများ အပေါ် ဖိနှိပ်မှုများပြုလုပ်လျက်ရှိသည်။

#ပဲခူးတိုင်း #သာယာ၀တီ #ဦးဝီရသူ #ရဟန်းသံဃာ #ပျူစောထီးအဖွဲ့ #ညွှန်ကြား #Ayeyarwaddy_Times