ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီရဲစခန်းနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ဆိုင်ကယ် နှစ်စီးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှူး အိမ်တစ်လုံးပျက်စီးကြောင်း Zamani Revolution Force အဖွဲ့ထံက သိရသည်။
Zamani Revolution Force/MMU Myaung မန္တလေးခရိုင်အမှတ်(၅)တပ်ရင်းMNPDF Myitnge နှင့်ဇာဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)တို့သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်တွင် မြောင်မြို့နယ် ၊ မြောင်မြို့မ ရဲစခန်းကို M-9 ဗုံးသီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ရာတွင် ရဲစခန်းအတွင်းရှိ စခန်းမှူးနေအိမ် ပေါ်သို့ကျရောက်၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများမှ လိုက်လံပစ်ခတ်သောကြောင့် တော်လှန်ရေး ရဲဘော်များမှ မိုင်းကြိုးကိုထပ်မံဆွဲဖြုတ်ခဲ့ရာ စစ်ကောင်စီတပ် သား ၂ ဦး ဒဏ်ရာရရှိကြောင်း Zamani Revolution Force အဖွဲ့ထံက သိရသည်။
ထို့ပြင် ငါန်းဇွန်းမြို့နယ် သားကျင်ကျေးရွာနှင့် နတ်ကြီးရွာ ကြားတွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့များထောင်ထားသောမိုင်းများကို လိုက်လံဖော်ယူသည့် စစ်ကောင်စီတပ်နှင့်ပျူ စောထီးဒလန်များအား PDF ပူးပေါင်း တပ်ဖွဲ့ (၈) ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ ၎င်းတို့ စီးလာသည့် ကားတစ်စီး ဆိုင်ကယ် လေးစီးအနက် ဆိုင်ကယ်နှစ်စီး မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား နှင့် ပျူစောထီး လေးဦး သေဆုံး၍ ကားပေါ်တွင်ပါလာသူများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၁၂ရက်နေ့က မြောင် ရဲစခန်းထဲကိုကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ဗုံးသီးနဲ့ ပစ်ပြီးတိုက်တာ ရဲ ၂ ဦးသေပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့ပြန်ဆုတ်လာချိန်မှာ နောက်က လိုက်ပစ်တော့ မိုင်းကြိုးကိုခြေထောက်နဲ့ဆွဲပြီးဖြုတ်ခဲ့တာမှာ စစ်ကောင်စီ ဘက်က ၂ ယောက်ထိတယ်လို့ကြားရတယ်။ ကျွန်တော်တို့ အနေနဲ့တိုက်ပွဲ သတင်း တွေကို အချိန်နဲ့တပြေးညီတင်ချင်ပေမယ့် ရဲဘော်တွေရဲ့လုံခြုံရေးနဲ့ အင်တာနက် လိုင်းအခြေအနေကြောင့်ပါ ဟု Zamani Revolution Force မှ ကိုဒေဝ က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့အင်အား(ငါန်းဇွန်) ၊ မြင်းခြံခရိုင်တပ်ရင်း အမှတ်(၆) Special Task Force Ngazun ၊ ခုနှစ်စင်ကြယ်ပျောက်ကျားတပ်ဖွဲ့(ချောင်းဦး) ၊ Ngazun people’s defence force(ငါန်းဇွန်ပကဖ)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်) ၊ မန်းလေးခရိုင်အမှတ်(၅)တပ်ရင်း(MN Pdf)၊ စစ်ကိုင်းခရိုင်တပ်ရင်း-၄ (MS PDF) ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ-၂ နှင့် zamani revolution force myaung(MMU) ရှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြိုင်စခန်းမှ နေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် zamani revolution force myaung(MMU)အဖွဲ့မှ ၈၀-မမ ဖြင့်ပြန်လည်ပစ်ခတ်စဥ် လက်နက်ကြီးချို့ယွင်ကာ ရဲဘော်တစ်ဦး ကျည်စထိမှန်ခဲ့ပြီး အသက်အန္တရာယ်မရှိခဲ့ကြောင်းသိရသည်။ MMU အဖွဲ့သည် မဟာမိတ်များအဖွဲ့များနှင့်အတူ ပူးပေါင်း၍ မစ်ရှင်များလုပ်ဆောင်လျက်ရှိပြီး လက်နက်နှင့်ကျည်ဆံလိုအပ်မှုရှိနေ၍ ပြည်သူများအနေဖြင့် ဝိုင်းဝန်း ကူညီပေးရန် တောင်းဆိုထားသည်။