ဧရာဝတီတိုင်းမ်
(သထုံ)၊ ဖေဖော်ဝါရီလ ၂၁ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ရွာသစ်အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးနေသည့် စစ်ကောင်စီကားအား လာရောက်ယူဆောင်သည့် တပ်သားများအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း HRS Drone Force ထံမှသိရသည်။
သထုံ-ဘီးလင်း ကားလမ်းမပေါ်ရှိ ကမာစိုင်ရွာသစ်အနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေးနှင့်ပျက်စီးနေသည့် စစ်ကောင်စီယာဉ် ၂ စီးအားလာရောက် ဆွဲယူသည့်စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ၆၀မမ ဗုံးသီး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ တပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။
” ၂၀ ရက်နေ့ မနက် ၉ နာရီကျော်မှာ ကျွန်တော်တို့က ၁၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့နေရာကိုလာတဲ့ စကစတပ်သားတွေကို ဒရုန်းနဲ့ပစ်တာ၊ သူတို့က ကားလမ်းမပေါ်ကနေ ရမ်းသမ်းပြန်ပစ်တာ။ အဲ့မှာ ဖြတ်သွားတဲ့ကားတစ်စီးကို ထိသွားသေးတယ်လို့ နီးစပ်ရာက သတင်းပေးလို့သိရတယ်။ သေချာတော့အတည်မပြုနိုင်သေးဘူး။” ဟု Hawk Revolutionary Squad-HRS Drone Force တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုများ ရှိသော်လည်း မြေပြင်အခြေနေအရ အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
သထုံတွင် ဖေဖော်ဝါရီလ ၁၉ ရင်နေ့က သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းအား HRS၊ KNLA၊ PDFပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သား ၇ ဦးသေဆုံးခဲ့ပြီး ကား ၃ စီးပျက်စီးခဲ့ကြောင်း HRS Drone Force ထံမှ သိရသည်။