ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်

အာဏာသိမ်းစစ်ကောင်စီဟာ PDF Game ဆော့ကစားသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေတဆင့် ဒီကနေ့မှာ ထုတ်ပြန်ကြေ​ညာလိုက်ပါတယ်။

ဒီကြေညာချက်ဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ကြောက်ရွံနေတာကြောင့် ဒီ Game တွေကတစ်ဆင့် PDF တွေဆီကို ထောက်ပံ့မှုတွေ မစီးဆင်းနိုင်အောင် ဖြတ်တောက်မယ်ချင်လို့ ကြေညာခဲ့တာလို့ ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌက ​ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကိုကြောက်ရွံ့နေပြီဆိုတာ ပိုပြီးမီးမောင်းထိုးပြလိုက်တာပါပဲ။ သူတို့မှာ လက်နက်အင်အား အသာစီးရနေတာတောင် PDF တွေကိုမယှဉ်နိုင်တဲ့အတွက် ဒီ Game တွေကတစ်ဆင့် PDF တွေဆီကို ထောက်ပံ့မှုတွေ ပိုမိုစီးဆင်းပြီဆိုရင် သူတို့ဒီထက်ပိုပြီး ကျရှုံးမှုမြန်တော့မှာကို စိုးရိမ်လို့ အဖက်ဖက်က စီးဆင်းမှုကိုဖြတ်တောက်ချင်တဲ့သဘောပါပဲ” လို့ ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ နွေဦးအောင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒီကြေညာချက်မှာ PDF Game တွေဟာ လူငယ်တွေရဲ့ မသိစိတ်အတွင်းမှာ တပ်မတော်ကို အထင်အမြင်လွဲမှားစေရန်နဲ့ တော်လှန်လိုစိတ်တိုးပွားလာစေရန် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ဆိုပါတယ်။

“ထင်ရာစိုင်းပြီး အကြမ်းဖက် လူသတ်နေတာ တကမ္ဘာလုံးသိနေတဲ့ စစ်တပ်က သူတို့ကို အထင်အမြင်လွဲမှားအောင်လုပ်တယ်ဆိုတော့ ရယ်စရာတစ်ခုလို့ပဲမြင်မိတယ်။ PDF တွေကို မထောက်ပံ့နဲ့ PDF Game မဆော့နဲ့ ဆိုတဲ့ ဒီလိုကြေညာချက်တွေဟာ သူတို့အနေနဲ့ ဒီတော်လှန်ရေးမှာ အတော်လေးသွေးပျက်နေတာကို မြင်တွေ့နေရပါပြီ။ အရှင်းဆုံးပြောရရင်တော့ တပ်ပျက်နေပြီပေါ့ဗျာ”လို့ CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လက်တလုံးကြားဥပဒေတွေထုတ်ပြန်ကာ အရေးယူမယ်လို့ ခြိမ်းခြောက်ကြေညာချက်တွေကို မကြောက်ရွံ့ကြပဲ တော်လှန်ရေးပြီးမြောက်အောင်မြင်ရေးအတွက် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြဖို့ ပဲခူးမြို့ခံလူငယ်တွေက တိုက်တွန်းပြောဆိုထားပါတယ်။

“သူတို့ဘယ်လိုပဲ အရေးယူမယ်လို့ကြေညာပါစေ သူတို့ဟာ တရားမဝင်အာဏာသိမ်းထားတာဖြစ်တယ်။ ပြည်သူလူထုကလည်း သူတို့ရဲ့ လက်တစ်လုံးကြားဥပဒေတွေ အရေးယူမှုတွေကို ဂရုမပြုပဲ တော်လှန်ရေးအောင်ဖို့ ဒီထက် ပို Click ကြ ဒီထက်ပိုပြီး PDF game တွေဆော့ပေးကြဖို့ တောင်းဆိုပါတယ်။ လုပ်လည်းလုပ်နေမယ်လို့ယုံကြည်ပါတယ်” လို့ အသက် ၂၂ နှစ်အရွယ် ပဲခူးမြို့ခံလူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

#PDF #Game #ဆော့ကစား #ဥပဒေ #အရေးယူ #စစ်ကောင်စီ #ကြေညာ
#Ayeyarwaddy_Times