ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် စစ်ရှောင်ပြည်သူ ၁၅၀၀ ကျော်အတွက် သောက်သုံးရေနှင့်စားနပ်ရိက္ခာများ၊ ကလေးများစာသင်ရန် ကျောင်းသုံးပစ္စည်းများလိုအပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ရှောင်စခန်းမှာ ထီးလင်းမြို့၏အနောက်ဘက်ခြမ်းတွင်ဖွင့်ထားသည့် ပုံညာတောင်တန်း စစ်ရှောင်စခန်းဟုခေါ်ပြီး အနီးနားရှိ ရွာသားအများစုက လာရောက်နေထိုင်ကြကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။

” အဓိက လိုအပ်နေတာက သောက်သုံးရေပါ၊ ရေက အရမ်းကို ရှားပါးနေတာပါ၊ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာရယ် ကလေးတွေစာသင်ဖို့အတွက် ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေ လိုအပ်နေပါတယ်၊ အရင်က အလှူရှင်တွေပေးလို့ သွားဝယ်တဲ့အခါ လမ်းမှာဘဲ စစ်ကောင်စီတပ်တွေက တွေ့လို့ ဖျက်ဆီးခံလိုက်ရတယ်။ စစ်ရှောင်စခန်းက မြို့နဲ့ဝေးတော့ အလှူရှင်တွေသိပ်မရှိ‌တာကြောင့် အခက်ခဲများစွာ ဖြစ်ပေါ်နေပါတယ် “ဟု ပုံညာတောင်တန်းစစ်ရှောင်စခန်းက ယာယီတာဝန်ခံ မနန်းအိက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ရှောင်စခန်းတွင်နေထိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် ဆေးဝါးများလိုအပ်နေသလို ညဘက်တွင် မီးထွန်းဖို့ဆိုလာနှင့် မီးသီးများလည်း လိုအပ်ချက်ရှိနေသေးကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် ကျေးရွာ ၆ ရွာက စစ်ကောင်စီတပ်များ၏ အိမ်မီးရှို့ခြင်းများ၊ မတရား ဖမ်းဆီးခြင်းများကြောင့် ရောက်ရှိလာသည် စစ်ရှောင်ပြည်သူပေါင်း ၁၅၀၉ ဦးရှိပြီး စာသင်အရွယ်ကလေးငယ် ၁၇၄ ဦးရှိကြောင်း သိရသည်။
#Ayeyarwaddy_Times