ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဟန်ငြိမ်းဦး တယ်လီဂရမ်ဂရုက စစ်ကောင်စီ ဆန့်ကျင်သည်ဟု ဖော်ပြခံရသည့် ပုသိမ်မြို့မှ လူငယ်တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက် ငါးပြားလမ်းမှာနေထိုင်တဲ့ အသက် ၃၀ ၀န်းကျင် ကိုဇင်၀င်းထက် ကို နေအိမ်မှာရှိနေစဥ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာလို့ ရပ်ကွက်တွင်းနေထိုင်သူတွေကပြောပါတယ်။
“သူက နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး၊ မင်းအောင်လှိုင်အကြောင်းတို့ စစ်တပ်ကကျဆုံးတာတို့သတင်းတွေတက်လာရင် သူ့အကောင့်ကနေ ပြန် share နေတာ၊ အေးအေးဆေးဆေးသမားပါပဲ၊ တစ်ယောက်ယောက်က ဟန်ငြိမ်းဦးကိုသတင်းပေးလိုက်ပုံရတယ်”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညက စစ်လော်ဘီ တယ်လီဂရမ်ဂရုများဖြစ်တဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာ စတဲ့အကောင့်များတွင် ပုသိမ်မြို့မှာ စစ်ကောင်စီကို စော်ကားတဲ့ ပိုစ့်များတင်နေတဲ့လူငယ်၂ ဦးဖမ်းဆီးဖို့ ရေးသားပြီး နောက်နေ့မနက်မှာ ကိုဇင်၀င်းထက်ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကြောင်းတွေ လူမှုကွန်ယက်မှာတင်တတ်တဲ့ လူငယ်တွေသတိတော့ထားစေခြင်တယ်၊ ဟန်ငြိမ်းဦး တီလီဂရမ် ဂရုကနေ ဖမ်းသင့်ပြီဆိုတာ တက်လာပြီးရင် အဖမ်းခံတာပဲ၊ ဒါကြောင့် ပုံအမှန်နဲ့သုံးရင် လော့ချထားတာ အလုံခြုံဆုံးပဲ “လို့ အသက် ၅၀ အရွယ် ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ကိုဇင်၀င်းထက်ကို ပုသိမ်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး မိသားစုနဲ့အဆက်အသွယ်ရပေမယ့် မည်သည့်ပုဒ်မနဲ့ အရေးယူမယ်ဆိုတာကိုတော့မသိရသေးဘူးလို့မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်က ဖော်ပြခံရသည့် လူမှုကွန်ရက်တွင် ထင်မြင်ချက် ရေးသားသော ပုသိမ်မြို့က ရဲမှူး(ငြိမ်း) တစ်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းစာရေးခဲ့တဲ့ရဲတပ်ကြပ်ကြီးတစ်ဦးနဲ့ စစ်ဘေးရှောင်များကို ငွေ ကြေးလှူဒါန်းသည့် ပုသိမ်မြို့ခံ အမျိုးသမီး ၃ ဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ ပုသိမ်မြို့ခံများထံကနေ သိရပါတယ်။
#ပုသိမ် #မြို့ခံ #လူငယ် #ဟန်ငြိမ်းဦး #တယ်လီဂရမ် #ချန်နယ် #ဖမ်းဆီးခံရ