ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)၏ တပ်ဖွဲ့ဝင်တချို့ကို ပစ်သတ်ခဲ့သည့် PSDA ဗဟိုတာဝန်ခံရွှေလီနှင့် အပေါင်းအပါများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးအရေးယူခဲ့ပြီးနောက် အဆိုပါအဖွဲ့ကို ဖျက်သိမ်း၍ မူဆယ်ဗျူဟာ (Tactic Of Muse-TOM)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မူဆယ် PSDA အဖွဲ့ကို ဒေါနသံလွင်က ဦးဆောင်၍ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်က ဖြစ်ပွားခဲ့သည့် နမ့်ဖာတန်း တိုက်ပွဲတွင် ဒေါနသံလွင် ကျဆုံးခဲ့သဖြင့် ဗဟိုတာဝန်ခံအဖြစ် ရွှေလီ(ခ)အေးမင်းဇော်က ဆက်လက်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် PSDA G-1 ဖြစ်သူ နော်ဝမ်း(ခ)ဝေယံလင်းက တပ်ဖွဲ့ဝင်တချို့အား ဦးဆောင်၍ ၎င်းတို့လက်အောက်မှ တရားဝင်နှုတ်ထွက်သွားသော တပ်ဖွဲ့ဝင် ၁၄ ဦးကို ဗဟိုတာဝန်ခံ ရွှေလီ၏ ညွှန်ကြားမှုဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က နှုတ်ထွက်လာတာ ခေါင်းဆောင်ပိုင်းတွေကြောင့် ငွေရေးကြေးရေး အရှုပ်တော်ပုံတွေ၊ လက်သင့်ရာ ရာထူးတွေ ပေးတာတွေ မကြိုက်လို့။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့က ခွဲထွက်ပြီး အဖွဲ့အစည်းပြန်ထောင်ရင် သူတို့ကလစ်သွားမှာ။ နာမည်ပျက် တွေကလည်းထွက်၊ တပ်ဖွဲ့ဝင်တွေကလည်း တဖြေးဖြေးနဲ့ နှုတ်ထွက်ကုန်ကြပြီလေ။ နောက်ဆုံး ရာကျော်ရှိရာကနေ လူနှစ်ဆယ်ကျော်ပဲ ကျန်တော့တဲ့အထိ ဖြစ်သွားတာ” ဟု မူဆယ်ဗျူဟာ(TOM) ပြန်ကြားရေးတာဝန်ခံ ကိုဒိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အခင်းဖြစ်နေရာတွင် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဖမ်းဆီးခံရကာ ကျန် ၄ ဦး ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟိုတာဝန်ခံ ရွှေလီ(ခ)အေးမင်းဇော်နှင့် အပေါင်းအပါတို့ကို အရေးယူပေးပါရန် ကျန်ရှိတာဝန်ခံတချို့နှင့် ရဲဘော်များက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) တို့ထံ အမှုဖွင့်တိုင်တန်း ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၁ ရက်တွင် ဗဟိုတာဝန်ခံ ရွှေလီ(ခ)အေးမင်းဇော်နှင့် အပေါင်းအပါတို့ကို တာဝန်ရှိသူများမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ EROs နှင့် ရပ်မိရပ်ဖများ ပါဝင်သော စစ်ခုံရုံးဖွဲ့စည်း၍ အမှုနှင့်သက်ဆိုင်သူ နှစ်ဖက်စလုံးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဘာကြောင့် ပစ်သတ်တာလည်းဆိုတော့ သစ္စာဖောက်လို့ဆိုပြီး ပစ်တာပေါ့။ သစ္စာဖောက်လို့ ပြောရအောင်လည်း တရားဝင်နှုတ်ထွက်ခွင့် ပေးထားတဲ့လူတွေ။ သူ့အမြင်ကိုယ့်အမြင် မတူတိုင်း သစ္စာဖောက်လို့မှ ပြောလို့မှမရတာ။ သိန်းထောင်နဲ့ချီ ရှိတယ်တာပြောတာ ပိုက်ဆံတွေက သုံးလေးသိန်းပဲလားရှိတယ်။ ပိုက်ဆံပြန်ရဖို့ နေနေသာသာ သူတို့အကြွေးပါ ကျွန်တော်တို့က ပြန်ဆပ်နေရလို့ စိတ်တောင်ညစ်တယ် “ ဟု TOM ပြန်ကြားရေးတာဝန်ခံ ကိုဒိုးက ပြောသည်။

အဆိုပါ အမှုကို စစ်ဆေးခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြစ်မှုကျူး လွန်သူများဖြစ်သည့် PSDA ဗဟိုတာဝန်ခံ ရွှေလီ(ခ)အေးမင်းဇော်၊ PSDA ဒုဗျူဟာမူး ကျော်ကြီး(ခ)မိုးဇက်အောင်၊ PSDA G-1 နော်ဝမ်း(ခ)ဝေယံလင်းနှင့် PSDA တပ်ရင်းမှူး ဇော်ကျူး(ခ)ဇော်သက်အောင်တို့ကို အမှုတွင် အဓိကကြိုးကိုင် စေခိုင်းသူများ ဖြစ်သောကြောင့် ခုံရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပစ်ခတ်မှုတွင် ပါဝင်ခဲ့ကြသည့် PSDA ဒုတပ်ရင်းမှူး ဖိုးတေ(ခ)အောင်မင်းခန့်၊ PSDA တပ်စိပ်မှူး ဗိုလ်ကတုံး(ခ)စိုးထိုက်၊ PSDA ဒုတပ်စိပ်မှူး တုတ်ကြီး(ခ)ကျော်ဇင်၊ PSDA တပ်သား သီဟ(ခ)မျိုးသီဟ၊ PSDA တပ်သား ဘိုတို(ခ)လင်းထက်အောင်နှင့် PSDA တပ်သား အောင်ဒင်(ခ)ဇော်ဝင်းမောင်တို့အား ခုံရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

PSDA ဗဟိုတာဝန်ခံ ရွှေလီ(ခ)အေးမင်းဇော်နှင့်အပေါင်းအပါများ ကျူးလွန်ခဲ့သည့် အမှုတွင် ပါဝင်ပတ်သတ်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့သည့် PSDA တပ်ဖွဲ့ဝင် ၁၅ ဦးကိုလည်း ခုံရုံးမှ နယ်နှင်ဒဏ်ပေးခဲ့ပြီးနောက် အဆိုပါ PSDA အဖွဲ့ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် တရားဝင်ဖျက်သိမ်းကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

“အသစ်ပြန်ဖွဲ့တဲ့အချိန် ငွေကြေးတစ်ခုပဲ အခက်အခဲရှိတာပါ။ PSDA စတင် ဖွဲ့စည်းခဲ့တဲ့ အတွေ့အကြုံလည်း ရှိခဲ့ဖူးတော့ သိပ်ပြီးအခက်အခဲ မရှိပါဘူး။ EROs တွေစီကတော့ ထောက်ပံ့မှုရပါတယ်။ လက်နက်ပိုင်းဆိုင်ရာပေါ့။ အကူအညီ အများကြီးပေးကြပါတယ်။ NUG အစိုးရကလည်း အရင် PSDA ဖွဲ့တုန်းက ငွေကြေးတချို့ ထောက်ပံ့ခဲ့ဖူးပါတယ်။ အခုမှ အသစ်ဖွဲ့လိုက်တဲ့ TOM အပေါ်မှာတော့ အကူအညီအနေနဲ့ အမှုမှာ သက်သေ ကိုယ်စားလှယ်ထည့်ပြီး ကူညီပေးပါတယ်” ဟု TOM ပြန်ကြားရေးတာဝန်ခံ ကိုဒိုး က ဆိုသည်။

PSDA ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျူဟာ (Tactic Of Muse-TOM) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှုဖြင့် တော်လှန်ရေးပြီးဆုံးတိုင် ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့ အဖွဲ့ကို ဆက်လက်ယုံကြည်ပေးရန် TOM က မေတ္တာရပ်ခံထားသည်။

#ရှမ်းပြည်မြောက်ပိုင်း #PSDAတပ်ဖွဲ့ #ပစ်သတ်ခံရ #မူဆယ်ဗျူဟာအဖွဲ့ #ပြောင်းလဲဖွဲ့စည်း #Ayeyarwaddy_Times