ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ကုက္ကိုဝ ကျေးရွာမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၅ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

ကက္ကို၀ကျေးရွာမှာ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား(၂၀၀)ပေ၊ အနံ(၂၅)ပေခန့်ပြိုကြမှုဖြစ်ပွားတာကြောင့် ကမ်းအနီးမှာနေထိုင်တဲ့နေအိမ် ၅ လုံးအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတာလို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။

” အိမ်တွေတော့ဖျက်ပြီးရွှေ့ခိုင်းလိုက်တာ ပြိုကျတဲ့နေရာနဲ့အိမ်တွေနဲ့ အကွာအဝေးနီးလာပြီ၊ ကြိုပြီးရွှေ့လိုက်တော့အိမ်ပျက်စီးတာတို့ လူထိခိုက်တာမျိုးတော့မရှိပါဘူး”လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

မြစ်ကမ်းပါးပြိုကျတဲ့ အနီးနားမှာနေထိုင်တဲ့ အိမ်ထောင်စု ၅ စုဟာလက်ရှိမှာ နီးစပ်ရာဆွေမျိုးတွေနေအိမ်တွေ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ယာယီနေထိုင်နေတယ်လို့ ဆိုပါတယ်။

ဧရာ၀တီတိုင်းမှာ၂၀၂၃ ခုနှစ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် နေအိမ်ရွှေ့ပြောင်းရတာပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ပန်းတနော်မြို့နယ်တွေမှာမြစ်ကမ်းပါးပြိုကျတာကြောင့် လူနေအိမ် ၃၈ လုံးအရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပြီး ဆန်စက်ဂိုထောင်တစ်လုံး၊ချောင်းကူးကွန်ကရစ်တံတားတစ်စင်းနဲ့ လူနေအိမ်တစ်လုံး မြစ်ရေနဲ့အတူ ပြိုကျပျက်စီးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကနေ သိရပါတယ်။

#ညောင်တုန်း #မြစ်ကမ်းပါးပြိုကျ #နေအိမ် #၅လုံး #အရေးပေါ်ရွေ့ပြောင်း
#Ayeyarwaddy_Times