ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဖမ်းဆီးတာခံခဲ့ရတယ် ဒေသခံပြည်သူ ၃၀ ကျော်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထိ အဆက်သွယ်မရသေးဘူး လို့ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာကို စစ်ကောင်စီတပ်သားအင်အားအများပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံအမျိုးသမီးတွေနဲ့ ရေမဆေးကြောက်ရှာတဲ့သူတွေအပါဝင် ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ပြန်ပေးဆွဲသလိုမျိုး ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ စစ်ကြောင်းထိုးပြီး ရုတ်တရက်ဝင်ဖမ်းသွားတာ၊ အဲ့မတိုင်ခင်ကတော့ ဒီဘက်တွေမှာ မကြာခဏ ဆိုသလို တိုက်ပွဲတွေဖြစ်တာမျိုးတော့ရှိတယ်၊ ဘာလို့ ဖမ်းသွားတာလဲဆိုတာမသိဘူး၊ ပြီးတော့ ခုထိလည်း အဆက်သွယ် မရသေးဘူး”လို့ ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲကို သေနတ်တွေပစ်ဖောက်ကာ ဝင်ရောက်လာခဲ့ပြီး တွေ့သမျှလူကို ဆွဲဖမ်းကာ ဖားကန့်ဘက်ကို ပြန်လည်ထွက်ခွာသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူအားလုံးဟာ ကျောက်ရှာနေတဲ့ အရပ်သားတွေဖြစ်တာကြောင့် ဘာကြောင့်ခုလိုမျိုး စစ်ကောင်စီ တပ်က အကြောင်းမဲ့ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးသလို ဖမ်းဆီးခံရသူတွေနဲ့လည်း ခုချိန်ထိ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။