ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်
ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာ ကျေးရွာတွင်တပ်စွဲထားပြီး ကင်းလှည့် ရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကြောင်း KRU ထံက သိရသည်။
ကင်းလှည့်ရန် ထွက်ခွာလာသည့် အဆိုပါ စစ်ကောင်စီ တပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (RKU) မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့က စခန်းသိမ်းတိုက်ပွဲ တော့မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတော့ စောင့်ကြည့်နေပါတယ်။ သူတို့နဲ့တိုက်တာက ပေ ၂၀၀ အတွင်းမှာပဲ။ ကျွန်တော်တို့က ရွာထဲအထိဝင်တိုက်ခဲ့တဲ့သဘောပါ။ သေတဲ့စစ်ကောင်စီတပ်သားတစ်ယောက်ရဲ့ သေနတ်နဲ့ ကျည်ဆံတွေရလိုက်ပါတယ်။ သေတဲ့ ၆ ယောက်ထဲမှာ သူကရှေ့ဆုံးက။ တစ်ယောက်နဲ့ တစ်ယောက်က ၅ ပေလောက်ဝေးနေတော့ ကောက်လို့မလွယ်တာ နဲ့ပြန်ဆုတ်လာခဲ့ ရတယ်” KRU အဖွဲ့မှ ကိုလင်းလင်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကုန်းသာကျေးရွာတိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ ကြောင်းသိရသည်။
“တိုက်ပွဲကိုမဖော်ဆောင်နိုင်သေးတဲ့ အခါတွေမှာ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကို အလုပ်မလုပ်ဘူးလို့ မသတ်မှတ်စေချင်ပါဘူး။ ရေရှည်တိုက်ပွဲ ၊ တိကျသေချာတဲ့တိုက်ပွဲတွေကိုပဲ ကျွန်တော်တို့တိုက်တော့မှာပါ။ စစ်ခွေး (စစ်ကောင်စီတပ်သား) နှစ် ယောက်လောက်သေပြီး ကျွန်တော်တို့ဘက်က တစ်ယောက် လောက်ကျတယ်ဆိုရင် မတန်ပါဘူး။ ကျွန်တော်တို့ မလဲနိုင်ပါဘူး။ ဒါကြောင့် နောင်ကိုတိုက်မဲ့တိုက်ပွဲတွေမှာ သေချာဆုံးဖြတ်ပြီမှ တိုက်မှာပါ“ ဟု ကိုလင်းလင်း က ဆိုသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီထံမှ MA -1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံး ခု နှင့် ကျည်ဆံ ၂၂၅ တောင့်ကိုရယူနိုင်ခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အနေဖြင့် ကရင်နီ ဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကို အဆုံးထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။
#ကရင်နီပြည်နယ် #ကုန်းသာကျေးရွာ #စစ်ကောင်စီတပ် #KRU #တိုက်ပွဲ #၆ဦးသေ #Ayeyarwaddy_Times