ဧရာဝတီတိုင်းမ်
(ပူတာအို)၊ ဖေဖော်ဝါရီလ ၂၁ ရက်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ကချင်ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်သည့် Ndum Latep(အင်ဒွမ်လတဲပ်) ဧရိယာအတွင်း တရားမဝင်ရွှေတူးဖော်မှုလုပ်ငန်းများရှိနေပြီး ယဉ်ကျေးမှုနယ်မြေထိခိုက်သည့်အပြင် သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုများရှိနေသည့်အတွက် ဂျိမ်းဖောစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် သွားရောက်ဆန္ဒပြတားမြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါတရားမဝင်ရွှေတူးဖော်ခြင်းလုပ်ငန်းအားလောပန်း အိုက်ယုံဆိုသူ ဦးဆောင်သည့်အဖွဲ့မှ မလိခမြစ်ဝန်းကျင်ရှိ ကချင်ယဉ်ကျေးမှုနယ်မြေဖြစ်သည့် Ndum Latep (အင်ဒွမ်လတဲပ်) စစ်ပြေးရွာဟောင်း ဖာကန်းယန်၊ အင်ဖီဂါးရွာ၊ ဂန်နိုင်ယန်ကျေးရွာ ဝန်းကျင်တွင်တရားမဝင်ရွှေတူးဖော်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီးဖြစ်ကာ ယခုအခါတွင် ရွှေတူးဖော်သည့်ဧရိယာမှာ ဧက ၁၀၀ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
” ဒီယဉ်ကျေးမှုနယ်မြေမှာ ရွှေတူးဖော်ခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီ။ ဘက်ဖိုး ၂၀ ကျော်နဲ့တူးဖော်နေတာ၊ လောပန်း အိုက်ယုံဦးဆောင်တဲ့ လုပ်ငန်းရှင် ၇ ယောက်၊ ၈ ယောက်လောက်ရှိမယ်၊ ကျွန်တော်တို့အဖွဲ့အနေနဲ့ တားမြစ်ဆန္ဒပြခဲ့တာ ၃ ကြိမ်ရှိပြီ။ သက်ဆိုင်ရာအဖွဲ့စည်းတွေကိုလည်း အရေးယူဖို့တိုင်ကြားထားတယ်။ ဒီနေရာက ဘယ်အဖွဲ့ကမှ နယ်မြေစိုးမိုးမှုမျိုး သေချာမရှိတဲ့အတွက် ဒီလိုမျိုးတရားမဝင်လုပ်ကွက်တွေရှိနေတာပါ။” ဂျိမ်းဖော့စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တရားမဝင်ရွှေတူးဖော်မှုကြောင့် မလိခမြစ်ကြောင်းအပေါ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိပြီး မလိခမြစ်ကြောင်း ရေစီးကြောင်းများပြောင်းလဲခြင်း၊ အလွန်အကျွံရွှေတူးဖော်မှုကြောင့် မြစ်ရေညစ်ညမ်းခြင်းများကြောင့် ရေချိုငါးများမျိုးစိတ်များ မျိုးသုဉ်းလုနီးပါးဖြစ်နေပြီး သစ်တောပြုန်းတီးမှုများကြောင့် ရေကြီးမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရသည်။
“ကျွန်တော်တို့သွားရောက် ဆန္ဒပြညှိနှိုင်းတဲ့အပေါ် သူတို့က မြစ်ကြောင်းထဲမှာရွှေတူးတာကိုမရပ်ပေးနိုင်ဘူးပြောတယ်။ ပတ်ဝန်းကျင်တော့ရပ်ပေးမယ်၊ နောက်ဖယ်ပေးမယ်ပြောပေမဲ့ အခုထိတော့ဆက်လက်တူးဖော်နေတုန်းပဲ။ ခုလိုတူးဖော်တော့ မြစ်ကြောင်းထဲလဲ ရေတွေညစ်ညမ်းလာတော့ ငါးကနေလို့ကိုမရတော့ဘူး။ ရွှေတူးတဲ့သူတွေလည်း ငါးတွေကိုလျှပ်စစ်ရှော့တိုက်ပြီး ဖမ်းစားတာ။” ဟု ၎င်းမှဆက်လက်ပြောသည်။
အင်ဒွမ်လတဲပ် ယဉ်ကျေးမှုဧရိယာနှင့် မလိခမြစ်ကြောင်းအပေါ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိလာသည့်အတွက် ဂျိမ်းဖော့စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သက်ဆိုင်ရာအဖွဲ့အစည်းများအားလည်းတင်ပြထားပြီး အဆိုပါရွှေတူးဖော်သည့်အဖွဲ့အားလည်း ယဉ်ကျေးမှုနယ်မြေဝန်းကျင် ဧက ၅၀၀၀ အတွင်း တူးဖော်ခြင်းမပြုရန် ပြောဆိုထားကြောင်း သိရသည်။
#ပူတာအို #အင်ဒွမ်လတဲပ် #တရားမဝင်ရွှေတူး #ဂျိန်းဖောယဥ်ကျေးမှု #
#Ayeyarwaddy_Times