နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၂၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်ပြီး ကြံ့ခိုင်ရေးပါတီဝင် ၄၀ ဦးကို အုပ်ချုပ်ရေးမှူးရာထူးပေးဖို့အတွက် စစ်ကောင်စီတပ်က စီစဉ်နေတယ်လို့ သိရပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ထားတဲ့ ကြံ့ခိုင်ရေးပါတီဝင် ၄၀ ဦးကို မအူပင်မြို့ အခြေစိုက် ခလရ ၂၇ တပ်ထဲမှာရှိတဲ့ အရာရှိရိပ်သာမှာ ဒုဗိုလ်မှူးကြီး နိုင်လွင်ဆိုသူက ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်ပြီး ခေါ်ယူတွေ့ဆုံနေတာ ၄ ရက်ရှိပြီလို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ ကြားခံအနေနဲ့ ကြံ့ခိုင်ရေးက ကျော်ကျော်လွင်နဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေပေးခိုင်းထားတာ၊ ငွေရမှာ ဂျီဝမ်းနဲ့တွေ့ရတာ၊ တွေ့နေတာတော့ ၄ ရက်လောက်ရှိပြီ၊ ငွေပေးနိုင်တဲ့သူတွေကို အဓိက ခန့်နေတာ”လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ဖို့အတွက် ရွေးချယ်ထားတဲ့သူတွေဟာ ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ပြည်သူ တွေနဲ့ အဆင်မပြေတဲ့သူတွေဖြစ်ရင်တောင် ငွေပေးနိုင်ရင် ခန့်အပ်ဖို့အတွက် ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ခန့်အပ်ဖို့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေကို စစ်ကောင်စီတပ်က ဂျီဝမ်းအဆင့်ရှိတဲ့ ဒုတိယဗိုလ်မှူးကြီး နိုင်လွင်ဆိုသူက ငွေကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ ကြားတောင်းယူနေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မအူပင်မြို့ပေါ်က အမှတ် ၁ နဲ့ အမှတ် ၉ ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်ကို ထောက်ခံနေတဲ့ ကြံ့ခိုင်ရေးအသိုင်းဝိုင်းကသူတွေနဲ့ အစားထိုးခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။