ဧရာဝတီတိုင်းမ်

(ဟားခါး)၊ ဖေဖော်ဝါရီ ၂၁ ရက်

ချင်းပြည်နယ်၊ CDF-Hakha ထံ စစ်ကောင်စီတပ်သား ၂ ဦးလက်နက်ခဲယမ်းများနှင့်အတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးအား ဆုကြေးငွေများပေးအပ်ကာ လုံခြုံသောနေရာရောက်ရှိသည်အထိ တာဝန်ယူထားသည်ဟု ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် CDF-Hakha က သတင်းထုတ်ပြန်ခဲ့သည်။

ထန်တလန်မြို့ရှိ အမှတ် ၂၆၄ စစ်ကောင်စီတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော အဆိုပါစစ်ကောင်စီတပ်သား ၂ ဦးသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသောကြောင့် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်လိုသည့်အတွက် အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

CDF-Hakha ထံသို့ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၂ ဦးသည် MA-3 သေနတ်တစ်လက်၊ MA-1 တစ်လက်၊ ကျည်ဆံ ၆၇၄ တောင့်၊ ကျည်ကဒ် ၉ ခု ၊ လက်ပစ်ဗုံး ၄ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံးနှင့် အခြားခဲယမ်းပစ္စည်းများနှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDM ပြုလုပ်၍ ပြည်သူနှင့်အတူ ပူးပေါင်းလာသော စစ်ကောင်စီတပ်သား ၂ ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်ကာ လုံခြုံသောနေရာရောက်ရှိသည်အထိ တာဝန်ယူထားကြောင်း CDF-Hakha၏ ထုတ်ပြန်ချက်အရသိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ဟားခါးမြို့၊ အခြေစိုက် ၂၆၆ စစ်ကောင်စီတပ်ရင်းမှ တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ CDF-Senthangထံ အလင်းဝင်လာခဲ့ပြီး ဆုကြေးငွေများချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Senthang က သတင်းထုတ်ပြန်ထားသည်။

#ဟားခါး #CDF #စစ်ကောင်စီတပ်သား #လက်နက်ခဲယမ်း #အလင်းဝင် #သိန်း၃၀
#Ayeyarwaddy_Times