ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ ကျောက်မဲမြို့နယ်တွင် ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။
ယမန့်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီလက်အောက်ခံ လားရှိုး အခြေစိုက် စကခ(၁၆) ၊ ခလရ (၆၈)မှ စစ်ကောင်စီတပ်သား အင်အား ၆၀ ခန့်သည် နန်ခုံကျေးရွာနှင့် လမ်းဆုံကျေးရွာအနီးရှိ TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်းတိုက်ခိုက်လာ သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်နေချိန် နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ် တစ်စီး၊ ဟတ်စကီး တစ်စီး တို့ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲမှာ ၂ နာရီကျော်ကြာ ပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် သေနတ် ၂ လက်၊ စက်သေနတ် ၁ လက်၊ RPG ၁ လက်၊ လက်ပစ်ဗုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ဝိုးကြီးကျေးရွာရှိ နေအိမ်နှစ်လုံး လက်နက်ထိမှန် ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် နန်ခုံကျေးရွာတွင် စစ်ကောင်စီတပ်များ ဆက်လက် တပ်စွဲထား၍ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
#ရှမ်းပြည်မြောက်ပိုင်း #ကျောက်မဲမြို့ #စစ်ကောင်စီတပ် #TNLA #တိုက်ပွဲ #၁၅ဦးသေ #Ayeyarwaddy_Times