ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်

ဧရာဝတီတိုင်းတွင် သေနတ်မပစ်တတ်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူစစ်များကို စစ်ကောင်စီက သေနတ်ပေးမည်ဟု ဆိုသောကြောင့် ရပ်ရွာနေ ပြည်သူ များ စိုရိမ်နေကြောင်း ဒေသခံများထံက သိရသည်။

ဧရာဝတီတိုင်းရှိ ကျောင်းကုန်း အိမ်မဲ ၊ ပန်းတနော် ၊ ဝါးခယ်မ ၊ မြောင်းမြ စသည့် မြို့များနှင့် မအူပင် ခရိုင်ရှိ မြို့နယ်များမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ကိုင်ဆောင်ရန် နှင့် ပြည်သူစစ်များအတွက် သေနတ်များထုတ်ပေးမည်ဖြစ်ကြောင်းကို အစည်းဝေးများ ပြုလုပ်၍ သတိပေးထားကြောင်း ကျောင်းကုန်းမြို့နယ်ရှိ ဒေသခံများထံက သိရသည်။

“အုပ်ကြီးတွေနဲ့ ပြည်သူ့စစ်တွေကို သေနတ်ပေးထားမယ်ဆိုပြီး အစည်းအဝေးတွေ လုပ်နေတယ်လို့ ကြားတယ်။ အစကတည်းက ပြည်သူတင်ထားတဲ့သူ တွေမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးနေရာကိုငွေပေးပြီ ယူထားကြတာဆိုတော့ နေရာတကာပါဝါ ပြချင်နေကြတာ။ သေနတ်သာပေးထားရင် လွယ်မယ်မထင်ဘူး။ ပစ်တတ်တာလည်းမဟုတ်တော့ မျောက်လက်ထဲသေနတ်ထည့်ပေးသလိုပဲဖြစ်မှာ“ ဟု ဝါးခယ်မြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ မှ အာဏာသိမ်းပြီနောက်ပိုင်းတွင် ပြည်သူတင်မြှောက်ထားသည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား ရာထူးမှဖယ်ရှား၍ သတင်းပေး ဒလန်နှင့် ငွေပေးနိုင် သူများကို အစားထိုးခန့်အပ်ကာ ရာအိမ်မှူး ၊ ပြည်သူစစ်နှင့် အရန်မီးသတ်များကို ရပ်ရွာကာကွယ်ရေးအဖွဲ့များအဖြစ် ဖွဲ့စည်းထားကြောင်း သိရသည်။

“ဘာအဖွဲ့လည်းတော့မသိဘူး။ စစ်ဝတ်စုံတွေရော အရပ်ဝတ်တွေနဲ့ရောပါတယ်။ မီးသတ်အဖွဲ့တွေလည်းပါတယ်။ ပြည်သူစစ်ဆိုပြီး ကြည့်လိုက်ရင်အမူးသမားတွေကြီးပဲ။ ဒီကောင်တွေလက်ထဲသာသေနတ်ထည့်ပေးလိုက်ရင် ရွာတွေဒုက္ခရောက်ပြီသာ မှတ်လိုက်တော့” ဟု ညောင်တုန်းမြို့နယ်မှ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ အုပ်ချုပ်ရေးမှူများနှင့် ပြည်သူ့စစ်များအား ထုတ်ပေးမည့်သေနတ်များတွင် ၉-မမ ပစ္စတိုအမျိုးစားများနှင့် BA-63 အမျိုးအစားသေနတ်များပါဝင်ကြောင်း သိရသည်။