ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်

ချင်းပြည်နယ်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၁၀ ဘီလီယံ ထောက်ပံ့ မတည်ပေးထားသောကြောင့် ချင်းပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ၎င်းတို့ကို ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ၏ စီးပွါးရေးမြှင့်တင်နိုင်ရေး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့စီးပွါး မြှင့်တင်ရေးရန်ပုံငွေမှ ချင်းပြည်နယ်အတွက် ၁၀ ဘီလီယံကို ထောက်ပံ့မတည် ပေးထားကြောင်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်တွင် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းပေးထားသောကြောင့် ၎င်းတို့ကို ဝိုင်းဝန်းကူညီပေးကြရန် စစ်ခေါင်းဆောင် က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုထားသော်လည်း အာဏာသိမ်း ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများက နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၅၅,၄၈၄ လုံး မီးရှို့ဖျက်ဆီးထားသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များအနက် စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့် ချင်းပြည်နယ်တွင် နေအိမ်အပါအဝင် အဆောက်အဦ ၁,၄၈၄ လုံး ပျက်စီးဆုံရှုံးခဲ့ရကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် Data for Myanmar ၏ အစီရင်ခံစာအရ သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်ချက်ကြောင့် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၃၀၀၀ ဦးထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး(CNF)ကမူ ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် လက်ရှိဆင်နွှဲနေသော တော်လှန်ရေးစစ်ပွဲကို အမျိုးသားလွတ်မြောက်ရေး အောင်ပွဲအဖြစ် ခံယူလျက် နိုင်ငံရေးဦးတည်ချက်၊ ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင် မဟာမိတ်များ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲ ဝင်သွားမည် ဖြစ်ပြီး ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ချင်းပြည်ထောင် တည်ဆောက်ရေး ကိုလည်း Stakeholders များနှင့်အတူ ဆက်လက်အကောင်အထည် ဖော်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်အလွန် အာဏာရှင် ဆန့်ကျင်တွန်းလှန်သည့် စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုသည် ပြည်သူ့အခြေပြု ပြည်သူ့တော်လှန်ရေး ဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသား တစ်ရပ်လုံးအနေဖြင့် ၎င်းတို့နှင့်အတူ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတွင် မိမိတတ်ကျွမ်းရာ ကဏ္ဍအသီးသီးမှ တတတ်တအား ပူးပေါင်းပါဝင်ကြပါရန် CNF က တိုက်တွန်းနှိုးဆော်ထားသည်။

ချင်းပြည်နယ်သည် အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းခြင်းကို လက်မခံ၍ ရိုးရာ အမဲလိုက် တူမီး သေနတ်ဖြင့် စတင်တော် လှန်ခဲ့သည့် ပြည်နယ်ဖြစ်သည်။