ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၂၀ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူတစ်ဦးကို အကြောင်းမဲ့ဖမ်ဆီးကာ တစ်လကျော်ကြာပြီးနောက် ဒေသကာကွယ်ရေးတပ်ဖြစ်သော CDFတပ်ဖွဲ့ဝင်များအလင်းဝင်လာသည်ဟု ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ဝေသော စစ်ကောင်စီလက်အောက်ခံမြန်မာ့အလင်းသတင်းစာစောင်တွင် ဝါဒဖြန့်ဝေသတင်းထုတ်ပြန်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါစစ်ကောင်စီလက်အောက်ခံမြန်မာ့အလင်းသတင်းစာစောင်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် “ပြစ်မှုကျူးလွန်ခြင်းမရှိသော PDFအဖွဲ့ဝင်များ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံထပ်မံလွှဲပြောင်းပေးအပ်”ဟူသော ခေါင်းစဉ်ဖြင့် မတူပီမြို့တွင် CDFတပ်ဖွဲ့ဝင်များအလင်းဝင်လာခဲ့ကြောင်းရေးသားဖော်ပြထားသည်။

“ကျွန်တော်တို့ဆီကနေ ဘယ်ရဲဘော်မှ စစ်ကောင်စီထံ အလင်းဝင်တာ မရှိပါဘူး။ စစ်ကောင်စီလက်အောက်ခံမြန်မာ့အလင်းသတင်းစာမှာ CDFတပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ ပြည်သူတွေ အထင်မှားအောင် တမြင်ဝါဒဖြန့်ဝေခဲ့တာပါ”ဟု CDF-Matupiရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဝါဒဖြန့်ဝေခဲ့သော သတင်းစာတွင် အလင်းဝင်လာသည့် CDFတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အရေအတွက်တို့ကို ဖော်ပြထားခြင်းမရှိပဲ စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးကာ ဝါဒဖြန့်ရန် အသုံးချခြင်းသာဖြစ်ကြောင်းဒေသခံများက သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး CDFရဲဘော်တွေ အလင်းဝင်တယ်လို့ တမြင်ဝါဒဖြန့်တာပါ။ အလင်းဝင်လာတဲ့ CDFရဲဘော်ဆိုတာက ပြီးခဲ့တဲ့လက မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူတစ်ဦးပါ။ သူက CDF-Matupiတပ်ဖွဲ့ဝင်တွေနဲ့လည်း ဆက်နွယ်ပတ်သက်မှုလုံးဝမရှိပါဘူး။ အကြောင်းမဲ့ဖမ်းဆီးပြီး တစ်လကျော်ကြာပြီးမှ အခုလို အလင်းဝင်လာတယ်လို့ သတင်းစာထဲမှာ ဝါဒဖြန့်လာတာပါ”ဟု အသက်(၃၇)နှစ်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီပိုင်မြန်မာ့အလင်းသတင်းစာထဲတွင် “ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ PDF/CDFအဖွဲ့ဝင်အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်”ဟု ရေးသားဝါဒဖြန့်ဝေထားသည်။

#မတူပီ #စစ်ကောင်စီ #ဒေသခံ #ဖမ်းဆီး #CDF #အလင်းဝင် #ဝါဒဖြန့် #သတင်းထုတ်ပြန်
#Ayeyarwaddy_Times