ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ တောင်ဘက်ကမ်း အုပ်ချုပ်ရေးမှူးရုံးမှာ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့ ည ၈ နာရီ ၃၅မိနစ်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စွန်ရဲနီ နွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းက တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

” ကြံ့ဖွတ်တွေ ပျော်ပွဲရွှင်ပွဲနဲ့ လောင်းကစားဝိုင်းတွေလုပ်နေတဲ့အချိန် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲခဲ့တာပါ။ လုံခြုံရေးအပြည့်ချထားတော့ အထိအခိုက်မသိရသေးပါဘူး။ ကျွန်တော်တို့အားလုံး ဘေးကင်းပါတယ်”လို့ စွန်ရဲနီ နွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်းခေါင်းဆောင် ဗိုလ်သူရိန်က ဧရာ၀တီတိုင်းမ်းကို ပြောပါတယ်။

ကွင်းကောက်မြို့ တောင်ဘက်ကမ်းက အုပ်ချုပ်ရေးမှုးရုံးအနီးမှာ စစ်ကောင်စီကပြုလုပ်မယ့် ချင်းအမျိုးသားနေ့ပွဲတော်ကျင်းပဖို့ပြင်ဆင်နေပြီး လောင်းကစားဝိုင်းများ တေးဂီတဖျော်ဖြေပွဲများပြုလုပ်နေချိန်မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“ချင်းအမျိုးသားနေ့ဆိုပြီး လောင်းကစားဝိုင်းတွေ စတိတ်ရိူးတွေလုပ်နေတဲ့ ကွင်းရှိတယ်၊ အဲ့ မလှမ်းမကမ်းက အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်တာ၊ ထိခိုက်တဲ့လူမရှိဘူးတော့ကြားတယ်၊ ညက ပွဲတော့ရပ်လိုက်ရတယ်”လို့ အသက် ၃၀ အရွယ်ကွင်းကောက်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ရာနေရာဟာ ချင်းအမျိုးသားနေ့အခမ်းအနားကို တိုင်း၀န်ကြီးချုပ်လာရောက်မှာဖြစ်တာကြောင့် ကင်းပုန်းများစွာချထားတဲ့ကြားကပေါက်ကွဲခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ဗုံးပေါက်ကွဲရာနေရာကို ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးနေတာကို တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ -အုပ်ချုပ်ရေးမှူးရုံးအနီးက တေးဂီတဖျော်ဖြေပွဲ