ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များဝင်ရောက်လာပြီး စားစရာ ရိက္ခာများကို အဓမ္မလုယူသွားကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ ချမ်းသာကုန်းကျေးရွာကို ဒီကနေ့ နံနက် ၇ နာရီဝန်းကျင်မှာ အင်းအား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီနှင့် ပျူစောထီးများ ရောက်ရှိလာပြီး သေနတ်များပစ်ခတ်ဝင်ရောက်လာကာ စားစရာရိက္ခာများကို အဓမ္မလုယက်ယူဆောင်သွားကြောင်း KSO အဖွဲ့ကပြောသည်။

“အဲ့အဖွဲ့က အင်းပတ်ဈေးထဲက စစ်ကောင်စီနဲ့ ရွာသစ်ကုန်းပျူစောထီးအဖွဲ့တွေပေါင်းပြီး ချမ်းသာကုန်းကျေးရွာကို သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်ကာ ရွာထဲကအိမ်တွေက စားစရာတဲ့ဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲတွေကို ရိက္ခာအဖြစ် ခိုးသွားကြတယ်။ ပြည်သူတွေလည်း ကြောက်ပြီးထွက်ပြေးကြရတယ် ” ဟု Khin USpecislforce Organizations အဖွဲ့၏ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ချမ်းသာကုန်း ကျေးရွာသည် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပြီး လူဦးရေ ၆၀၀ ခန့်သည် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်မွှေနှောက်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆက်လက်ပြောသည်။

ဒါ့ပြင် ဒီကနေ့ နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ်အနောက်ဖက်ခြမ်းရွာများနှင့် မြောက်ခြမ်းရှိရွာပေါင်း ၇ ရွာခန့်ကို စစ်ကြောင်း နှစ်ကြောင်းဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူ ၅၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KSO အဖွဲ့ထံမှသိရှိရသည်။

#ခင်ဦး #ချမ်းသာကုန်း #စစ်ကောင်စီပျူစောထီး
#ရိက္ခာများလုယက်ယူဆောင်
#Ayeyarwaddy_Times