ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဖေဖော်ဝါရီလ ၂၀ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာပင်ကြီး(ပျူရွာ)သို့ စစ်အင်အား ထောက်/ပို့လာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးခန့် ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း မြိုင်(ပကဖ)ထံက သိရသည်။
ပေါက်မြို့အိမ်တွင်းမှုကျောင်းမှ ယာပင်ကြီး(ပျူရွာ)သို့ စစ်အင်အားအကူညီပေးရန် လာသည့် အင်အား ၂၅ ဦးဝန်းကျင်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အုန်းတောကျေးရွာသို့ ဖြတ်သန်းစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦးကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
“ခုနောက်ပိုင်းပျူရွာတွေကအင်အားနည်းလာတယ်။ တစ်ရွာကို ၁၀ ဦးကျော်ကျော်ပဲ ရှိတော့တယ်။ အဲ့ဒါကို စစ်အင်အားလာဖြည့်တဲ့စစ်ကြောင်းလာတာကို ကျွန်တော်တို့က ကြိုတင်သတင်းရလို့ သူတို့လာမယ့်လမ်းကြောင်းမှာ စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းကို ၂ ရက်ဆက်တိုက်ခဲ့တယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့နောက် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ယာပြင်ကြီး(ပျူရွာ)သို့ ရောက်လာသည့် စစ်ကြောင်းသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ၊ စစ်ကောင်စီတပ်သားများနှင့် ပေါင်း၍ အုန်းတောရွာသို့ စစ်ကြောင်းထိုးလာရာတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး ကျည်ထိမှန်ခဲ့ပြီး အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့သည် အုန်းတော ကျေးရွာရှိ နေအိမ် ၂၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပေါက်မြို့နယ်၊ တပေါက်ကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ်အား မြိုင်(ပကဖ)နှင့်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြိုင်(ပကဖ)ထံက သိရသည်။