ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့်၀င် ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
ယမန်နေ့ ညနေ ၄ နာရီ၀န်းကျင်ခန့်က ယုဇနဥယျာဉ်မြို့တော်ရှိ (၉၄) ရပ်ကွက် အုပ်ချုပ်ရေးရုံးအတွင်းသို့ ၀င်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့၀င်များ ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ ရာအိမ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ရုံးထဲမှာ အုပ်ကြီးနဲ့ ရပ်ကွက်ထဲက ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ အများကြီး ရောက်နေတဲ့အချိန်ပါ။ မိန်းမ ရာအိမ်မှူးတောင်ပါတယ်။ အစည်းအဝေးလုပ်နေတဲ့အချိန် မှာ ၀င်ပစ်ခံရတာ။ အကုန်သေကုန်ပြီတောင်ထင်တာ။ သေနတ်သံတွေက ဆက်တိုက်ပဲ” ဟု အဆိုပါ ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇင်မှာ ထွက်ပြေးသဖြင့် လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီမှ ချမှတ်ခဲ့သည့် လက်နက်ကိုင်ဆောင်ခွင့် ရရှိခြင်း ကြောင့် လက်နက်များတပ်ဆင်ပေးရန် ခေါ်ယူအစည်းအဝေးပြုလုပ်နေစဉ် ယခုကဲ့သို့ ၀င်ရောက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ပစ်ခတ်ခံရမှုကြောင့် ယုဇနဥယျာဉ်မြို့တော် ၁ လမ်းမှ ရာအိမ်မှူး ဦး၀င်းမြင့်နှင့် ၉ လမ်းမှရာအိမ်မှူး ဦးထွန်းထွန်း၀င်း တို့မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
အဖွဲ့၀င်များဖြစ်သည့် ရာအိမ်မှူးဦးမြင့်ဝေ၊ ဆယ်အိမ်မှူးဦးဖြိုးကိုကိုမောင်၊ အမျိုးသမီး ရာအိမ်မှူး ဒေါ်ခင်ဆွေ၀င်းနှင့် ကယ်ရီသမား ဦးအောင်၀င်း တို့မှာ ကျည်ထိမှန်ဒဏ် ရာများရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ကုသနေရကြောင်း သိရသည်။
လက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်ပြီးနောက် အုပ်ချုပ်ရေးပိုင်းနှင့် ရပ်ကွက်အတွင်းရှိ လူမိုက်အချို့ ပေါ်ပေါ်ထင်ထင်လက်နက်ကိုင်ဆောင် ရမ်းကားနေမှုကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်လျှက်ရှိကြောင်း သိရသည်။
“သူတို့က သေနတ်ကိုတရား၀င်ကိုင်လို့ရပြီဆိုပြီး လူတွေကို စိန်ခေါ်နေတာ။ လူမိုက်တွေကို သေနတ်ပေးကိုင်လိုက်တော့ ပိုပြီးမလုံခြုံတော့ဘူး။ အဲ့ဒါကို PDF လေးတွေက ဖိဖိစီးစီးနဲ့ လိုက်လံသိမ်းယူနိုင်ရင်ကောင်းမယ်”ဟု ပြည်သူတစ်ဦးက ဆိုသည်။
စစ်ကောင်စီက လက်နက်ကိုင်ဆောင်ခွင့်ပြုပြီးနောက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးအဖွဲ့၀င်များ ပိုမိုအသတ်ခံရနေရပြီး ပို၍ပင် လုံခြုံမှုမရှိတော့ကြောင်း အမည်မဖော်လိုသည့် သန်လျင်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
အလားတူ ယမန်နေ့ ညနေပိုင်းက သာကေတမြို့နယ် ခိုင်ရွှေဝါလမ်းမပေါ်တွင် စစ်ကောင်စီတပ်သတင်းပေး၊ စစ်တပ်ထောက်ခံသူ၊ မဘသအဖွဲ့၀င်ဖြစ်သည့် နာမည်ကြီး သာကေတလူမိုက် နေမျိုးအောင်ကို မြို့ပြပြောက်ကျားအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။