ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၀ ရက်

စစ်ကိုင်းဆိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညပိုင်း မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများကို Buffalo Soldiers Freedom Force အဖွဲ့မှ မိုင်းပစ်ထည့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာအပြင်းထန်ရရှိခဲ့ခြငလးဖြစ်ကြောင်းသတင်းရရှိသည်။

” အဲ့မှာက ဘန်ကာ၂ ခုရှိတယ်ဗျ၊ ဘန်ကာထဲမှာတော့ ၂ ယောက်ရှိတယ်။ ရှေ့ဘက်ဘန်ကာ ထဲကို ပစ်ထည့်လိုက်တာပါ၊ ကျွန်တော်တို့ပစ်ထည့်ပြီး သွားတော့ သူတို့က အနောက်ကနေ သေနတ်နဲ့ လိုက်ပစ်တယ်ဗျ၊ ဈေးကြီးထဲ ရောက်တဲ့အထိလိုက်ပစ်တယ်ဗျ။ကျွန်တော်တို့ဘက်က အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်၊ စစ်ကောင်စီတပ်သား၂ ယောက်တော့ ဒဏ်ရာပြင်းထန်ရပြီး ဆေးရုံတင်လိုက်ရတယ်လို့ သိရတယ်”ဟု Buffalo Soldiers Freedom Force အဖွဲ့ခေါင်းဆောင် ကိုကျွဲကြီးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

မိုင်းကွဲခဲ့သည့် မြန်မာ့ရှေ့ဆောင်ဘဏ်သည် မြို့လယ်ခေါင် လမ်းမတော်လမ်း၏ တောင်ဘက်တွင်တည်ရှိပြီး စစ်ကောင်စီတပ်သား ၄ ဦးခန့်ရှိကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် လက်ပစ်ဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ‌ဝက်လက်နှင့်ရွှေဘိုကြားတွင် အင်အား၂၀ ခန့်ပါလာသော စစ်ကောင်စီကားကို ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေဆုံးကြောင်းBuffalo Soldiers Freedom Force အဖွဲ့ထံမှ သိရသည်။