နွေဦးမောင် ဧရာဝတီတိုင်းမ်
(မုံရွာ) /ဖေဖော်ဝါရီလ ၂၀ရက်
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြိုနှင့် ယင်းမာပင်မြို့နယ်ကြားတွင် တပ်စခန်းချ၍ လက်ပံတောင်းတောင်ဒေသ ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့နေသည့် စစ်ကောင်စီ၏ ယာယီ တပ်စခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံမှုးများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းကို ယမန့်နေ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိသလို ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ကျွန်တော်တို့ဘက်က အထိခိုက်မရှိဘူး။ စစ်ကောင်စီတွေဘက်ကတော့ ထိခိုက် ဒဏ်ရာရတာတွေရှိပြီး ကစဉ့်ကလျား ထွက်ပြေးသွားကြတာပဲ။ ယင်းမာပင်က တော်လှန်ရေးအင်အားစုတွေ ဆားလင်းကြီးမြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေ အားလုံးအဖွဲ့ ငါးဖွဲ့လောက်ပူးပေါင်းပြီးတိုက်တာပါ။ လက်ပစ်ဗုံးတွေ ၊ မိုင်းတွေနဲ့ သူတို့စစ်ကောင်စီတပ်ရဲ့ အသုံးဆောင်အချို့ပါရလိုက်တယ်။ စုစုပေါင်း ၂နာရီ ကျော်လောက်တော့တိုက်လိုက်ရတယ်” ဟု ဆားလင်းကြီးမြို့နယ် PDF တပ်ဖွဲ့မှ အသက် ၂၃ နှစ်အရွယ် ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပူးပေါင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လယ် ၁၂နာရီခန့်မှ စတင်၍ ယနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့နံနက် ၅ နာရီ အထိ မုံရွာမြင်းမူလမ်းကို ခေတ္တယာယီပိတ်၍ လမ်းကြောင်းများကိုပါ ပိတ်ဆို့ကာ စစ်ကောင်စီ၏ ယာယီတပ်စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီတပ်)က ယာယီစခန်းဆိုပေမဲ့ ရွာတွေမီးရှို့လိုက် ၊ ရွာထဲကပစ္စည်းတွေ ယူသွားလိုက် လုပ်နေတာ ၂ လလောက်ရှိပြီ။ စခန်းချထားတာတော့ကြာပြီဗျ။ လက်နက်အင်အား လူအင်အား မမျှလို့ သူတို့နေတဲ့နေရာကို တိုက်ဖို့မလွယ်တာ။ ခုတော့ တော်လှန်ရေးအင်အားစုတွေတက်ညီလက်ညီတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်ပေါင်းစုအသီးသီး ကိုယ့်ဒေသကိုယ်ပြန်နိုင်ခဲ့တယ်” ဟု PDF ရဲဘော်က ဆိုသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့၏ ယာယီတပ်စခန်းသိမ်းပိုက်ခံရပြီးနောက် ယနေ့နံနက်ပိုင်းမှ စတင်၍ လက်ပံတောင်းတောင်ဒေသ အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်းသိရသည်။