ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ဧရာဝတီတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်တို့၏မိန်းမများကို Facebook အကောင့် အတုများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များအကြောင်း စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့ဝင်တို့၏ဇနီးများမှာ Facebook အကောင့်အတုများဖွင့်လှစ်ပြီး အဆိုပါ အကောင့်များတွင် ဒေါ်အောင်ဆန်းစုကြည်ပုံ၊ တော်လှန်ရေးပုံ၊ NUG အစိုးရပံ့များတင်ခြင်း၊ တော်လှန်ရေးဆိုင်ရာ ပို့စ်များတင်၍ နွေဦးတော်လှန်ရေးထောက်ခံသူများအဖြစ် အသွင်ယူထားကြောင်း၊ ၎င်းတို့က PDF တပ်ဖွဲ့ဝင်များကို ဖုန်းဘေလ်နှင့် ငွေကြေး လှူဒါန်းပေးပြီး ချဉ်းကပ်ကာ စုံစမ်းထောက်လှမ်းမှုများပြုလုပ်နေကြောင်း ဧရာဝတီတိုင်းမှ ရဲတပ်ဖွဲ့မိသားစုများ ထံမှ သိရသည်။

“အခုက ရဲတပ်ဖွဲ့မိသားစုဝင်တွေ၊ အထူးသဖြင့် နယ်ထိန်းတွေရဲ့ မိန်းမတွေက Facebook မှာ အကောင့် အတုတွေဖွင့်ပြီး အဲဒီအကောင့်တွေမှာ တော်လှန်ရေးကိုထောက်ခံကြောင်း ပို့စ်တွေတင်၊ အသွင်ယူပြီး လုပ်ထားတယ်။ ပြီးရင် ဧရာဝတီတိုင်းက တော်လှန်ရေးဆိုင်ရာ Page တွေ၊ PDF ကလေးတွေ အကောင့်တွေကို စကားပြောတာ ချဉ်းကပ်တာတွေလုပ်ပြီး ဖုန်းဘေလ်လှူတာ၊ ငွေကြေးတချို့လှူတာလုပ်ရင်း စုံစမ်း ထောက်လှမ်းတာတွေ လုပ်နေတာရှိတယ်“ဟု ဧရာဝတီတိုင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဇနီးဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရဲတပ်ဖွဲ့ဝင်တို့၏ဇနီးများအနေဖြင့် အချက်အလက်များ ရရှိလာပါက ၎င်းတို့၏ခင်ပွန်းများမှတဆင့် ရဲတပ်ဖွဲ့ အကြီးအကဲများထံ သတင်းပေးပို့ပြီး PDF များကို ဖမ်းဆီးရေးနှင့် ကွင်းဆက်ဖော်ထုတ်ရေး ဆက်လက် လုပ်ဆောင်ဖို့ရှိနေကြောင်း သူမက ဆိုသည်။

ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင် ဇနီးများကို ခိုင်းစေရန် စစ်ကောင်စီက တရားဝင် ညွှန်ကြားစာထုတ်ပြန်၍ ညွှန်ကြား ခိုင်းစေထားခြင်း မရှိသော်လည်း ဧရာဝတီတိုင်းရှိ အချို့သောစခန်းများတွင် အင်အားလိုအပ်ချက်အရ ဌာနတွင်း အစီအစဉ်ဖြင့် ဆောင်ရွက်နေမှုများ ရှိနေကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“စစ်တပ်က ဒါမျိုးလုပ်ရမယ်လို့ တိုက်ရိုက်ညွှန်ကြားထားတာတော့ မရှိဘူး။ သို့သော် တချို့မြို့နယ်တွေမှာက အင်အားလိုအပ်ချက်အရ ဒါမျိုးလုပ်နေကြတာ ရှိတယ်။ အထူးသဖြင့် မအူပင်မှာဆိုရင် နယ်ထိန်းရဲတွေရဲ့ မိန်းမတွေက ဒီလိုမျိုး အကောင့်အတုတွေနဲ့ PDF တွေကို ဆက်သွယ်စည်းရုံးပြီး သတင်းထောက်လှမ်းတာနဲ့ အိမ်ပြန်လာပြီး အလင်းဝင်ကြဖို့ စည်းရုံးနေတာတွေရှိတယ်”ဟု မအူပင်မြို့နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများအားလုံးတွင် အသွင်ယူထောက်လှမ်းသည့်နည်းလမ်း များဖြင့် အမြဲတစေ ဆောင်ရွက်လေ့ရှိပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် အထူးသတိထား၍ အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

“စစ်တပ်နဲ့ရဲက နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှ အသွင်ယူထောက်လှမ်းရေးလုပ်တာ ဟိုးကတည်းက အစဉ်အဆက် လုပ်လာခဲ့တာ။ ကျောင်းသားဆန္ဒပြပွဲတွေမှာဆိုလည်း ရဲတွေကို ယူနီဖောင်းချွတ် ကျောင်းသားဝတ်စုံ ဝတ်ပေးပြီး အတွင်းသတင်းယူခိုင်းတာ ရှိခဲ့တယ်။ အခုလည်း ရဲမိန်းမတွေကို အသုံးချပြီး ထောက်လှမ်းရေး လုပ်တာတွေကလည်း ဖြစ်နိုင်ပါတယ်။ အဲတော့ တော်လှန်ရေးအင်အားစုတွေရော၊ PDF လူငယ်တွေ အနေနဲ့ရော အစစအရာရာ လုံခြုံရေးစည်းမပေါက်ဖို့ သတိထားဖို့လိုတယ်။ ဒီကိစ္စမှာက သံသယကြီးလွန်း ရင်လည်း တကယ်လှူပေးချင်သူတွေ စိတ်ပျက်သွားနိုင်သလို သံသယမထားပြန်ရင်လည်း ကိုယ့်ဆီက အချက်အလက်တွေ ပေါက်ကြားနိုင်တယ်။ ဒီအစွန်း ၂ ဖက်ကြားမှာ အသင့်တော်ဆုံးဖြစ်မယ့်အစီအမံမျိုးတွေ ရှိထားဖို့ လိုပါတယ်”ဟု သူက ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်ရေးရာ ထောက်လှမ်းရေးအဖွဲ့က နိုင်ငံရေးလှုပ်ရှားသူများနှင့် သတင်းထောက်များ၏ ဖုန်းကဒ်များကို ထပ်ဆင့်ပွားခြင်း၊ ဖုန်းလိုင်းများ ကြားဖြတ်နားထောင်ခြင်းစသည့် ထောက်လှမ်းမှုများပြုလုပ်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသည်။