ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များအားလုံးသည် မည်သည့်ဥပဒေနှင့်မှ မညီညွတ်သဖြင့် လုံးဝအသိမှတ်ပြုလက်ခံမည်မဟုတ်ကြောင်း ၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီက ပြည်သူလူထုနှင့်နိုင်ငံတကာကိုလှည့်စားပြီး နောက်ထပ်ရွေး ကောက်ပွဲတစ်ခုကို ကျင်းပရန် ကြံ စည်အားထုတ်နေသည်ကို ကြားသိနေရသဖြင့် ယခုကဲ့သို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း NLD ကဆိုသည်။
၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အား တရား ဝင်ထုတ် ပြန်ကြေညာခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆင့်လွှဲအာဏာကို အကြွင်းမဲ့လက်ခံယုံကြည် ကိုင်ဆွဲထားသည်ဟုဖော်ပြသည်။
ထို့အပြင် ကိုဗစ်ရောဂါကြားထဲမှ ရဲဝံစွာရင်ဆိုင်ပြီးမဲပေးခဲ့ကြသည့်မြန်မာပြည်သူများ၏ဆန္ဒကိုလည်း နိုင်ငံတကာ သံတမန်များနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုသည်ဟု အသီးသီးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေ ကောက်ပွဲအသစ်တခုကျင်းပ၍ အနိုင် ရရှိသည့်ပါတီအား အာဏာပြန်လွှဲမည်ဟု ပြောဆိုထားသော်လည်း ပြည်တွင်းရှိအင်အားကြီး နိုင်ငံရေးအင်အား စုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီလက်အောက်ကရွေးကောက်ပွဲကို ယုံကြည်မှုမရှိကြောင်းထုတ်ပြန်ပြောဆိုထားကြောင်း သိရသည်။